မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သောင်းကျန်းသူများက လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ မေ ၁၆
တိုင်းဒေသကြီး/ပြည်နယ်အချို့၌ မြို့နယ်အချို့ရှိ လုံခြုံရေးတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၅ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ ကန်ပက်လက်မြို့မရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့မျက်နှာစာနှင့် မြောက်ဘက်တို့မှ လည်းကောင်း၊ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရဲစခန်း တောင်ဘက်မှ လည်းကောင်း အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ်မှု ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ မေ ၁၆ ရက်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဆိပ်ကမ်း၌ ရပ်တန့်ထားသော “ပင်လုံ” သင်္ဘောသည် ရွှေကူဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ နံနက် ၄ နာရီ ၃၅ မိနစ်ခန့်တွင် ထွက်ခွာလာခဲ့ရာ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် နောင်မိုးကျေးရွာအနီးသို့အရောက်၌ လက်နက်ကိုင် သောင်းကျန်းသူများက မြစ်ကမ်းပေါ် ဝဲ၊ ယာနှစ်ဖက်မှနေ၍ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါသင်္ဘောတွင် လုံခြုံရေး လိုက်ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်အကြမ်းဖက်သူများပစ်ခဲ့သည့် လက်နက်ကြီးကျည် သင်္ဘောပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဗုံးသီးစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့စခန်းများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင် သောင်းကျန်းသူများအား ရှင်းလင်းသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။