ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာ စကားပြောကြားရာတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အစိုးရအဖွဲ့အနေဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အသစ်အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်များဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိ တို့အစိုးရအဖွဲ့အနေဖြင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလများအတွင်း အပြောင်း အလဲအချို့ရှိခဲ့သော်လည်း ချမှတ်ထားသည့် မူဝါဒများပြောင်းလဲမှုမရှိဘဲ ဆောင်ရွက် ခဲ့ရာ အခက်အခဲအကြပ်အတည်းများကြားမှ အတိုင်းအတာတစ်ခုအထိ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ယခင်ဆောင်ရွက် ခဲ့သည့် ရှိပြီးသားအခြေခံကောင်းများကိုအသုံးချ၍ လာမည့်ကာလများအတွင်း မိမိတို့ ၏ မျှော်မှန်းချက်များ ယခုထက် ပိုမိုတိုးတက်အောင်မြင်စေရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ တို့၌ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် အခြေခံအားဖြင့် ဆောင်ရွက်ရန် တာဝန်ရှိ ကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် စီးပွားရေး၊ လူမှုရေးကဏ္ဍများဖွံ့ဖြိုး တိုးတက် စေရန် ပြည်သူတစ်ဦးချင်းစီ၏ ကြိုးပမ်းမှုအပေါ်တွင်မူတည်သော်လည်း ထိုသို့ ဆောင် ရွက်နိုင်ရန်အတွက် အစိုးရအဖွဲ့မှဖန်တီးပုံဖော်ဦးဆောင် ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း၊ ဒီမိုကရေစီအစိုးရများတွင် အစိုးရများ၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း။
မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သော်လည်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်နိုင်ငံရေးအရ အားနည်းချက်များရှိခဲ့ခြင်း ကြောင့် နိုင်ငံ၏အခြေအနေကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ပေးနေရခြင်းဖြစ် ကြောင်း၊ နိုင်ငံရေးအားနည်းချက်မှာ မသမာမှုရှိသည့် မဲရလဒ်များဖြင့် နိုင်ငံတော် အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်ရေး ဆောင်ရွက်ခဲ့ပြီး မရိုးသားသည့်နည်းဖြင့် ဒီမိုကရေစီကိုပုံဖော်ခဲ့သည့်ကိစ္စ ဖြစ်ကြောင်း၊ သန့်ရှင်းသည့် နိုင်ငံရေး၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ၊ စစ်မှန်သည့်ဒီမိုကရေစီနှင့် ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်ရှိသည့် ပြည်ထောင်စုတစ်ရပ်ဖြစ်စေရေး မိမိတို့အနေဖြင့်လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားများ အားကောင်းရန်လိုအပ်
နိုင်ငံတစ်ခုတိုးတက်စေရန်အတွက် မောင်းနှင်အားများဖြစ်သည့် နိုင်ငံရေးအား၊ စီးပွားရေးအားနှင့် ကာကွယ်ရေးအားများ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံရေးအား ကောင်းမွန်ရန်အတွက် မှန်မှန်ကန်ကန်ဦးဆောင်နိုင်သူများက မှန်ကန်သည့် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် စနစ်တကျမှန်ကန်စွာဖြင့် ဦးဆောင်နိုင်မည်ဆိုပါက တည်ငြိမ် အေးချမ်းပြီး နိုင်ငံစည်းလုံးညီညွတ်နေမည်ဖြစ်ကြောင်း၊ စီးပွားရေးအရနိုင်ငံဖွံ့ဖြိုး တိုးတက်အောင် နိုင်ငံအတွင်းနေထိုင်ကြသူအားလုံးက မိမိတို့ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်းချမ်းသာကြွယ်ဝပြီး နိုင်ငံ့စီးပွားကောင်းမွန် လာမည်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်မည် ဆိုသည့်အတိုင်း စီးပွားရေးအား ကောင်းမွန်မှသာ နိုင်ငံ၏ကာကွယ်ရေးအားသည်လည်း ကောင်းမွန်မည်ဖြစ်ကြောင်း။
ထိရောက်သည့် ကာကွယ်ရေးစွမ်းပကားနှင့် တရားဥပဒေစိုးမိုးရေး ယန္တရား တည်ဆောက်ရန်လိုအပ်
ကာကွယ်ရေးစွမ်းပကား ကောင်းမွန်စေရန်အတွက် လိုအပ်ချက်များကို ငွေကြေး များအသုံးပြု၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အတွင်လည်း နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်သားများက တာဝန်ထမ်းဆောင်လျက်ရှိပြီး တွဲဘက် အင်အားအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ထမ်းဆောင်လျက်ရှိပြီး အားလုံးက စွန့်စွန့်စားစားဖြင့် အသက်သွေးချွေးများပေးဆပ်၍ တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် ၎င်းတို့ကိုတတ်နိုင်သမျှ အသိအမှတ်ပြု ချီးမြှင့်အားပေး ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရတစ်ခုတည်းကသာမက အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် အစိုးရကိုကာကွယ် နေခြင်းမဟုတ်ဘဲ နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်နေခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များတာဝန်ထမ်းဆောင်နေခြင်းသည် တစ်နိုင်ငံလုံးတရားဥပဒေ စိုးမိုးရေး အတွက်ဖြစ်ကြောင်း၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်လိုစိတ်များရှိအောင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လို ကြောင်း။
ကာကွယ်ရေးနှင့်ပတ်သက်၍ စွမ်းရည်ရှိသည့် ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဟု နှစ်ခုရှိကြောင်း၊စွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ စွမ်းအားရှိရန်အတွက် အသုံးပြုလျက် ရှိသည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ အားလုံး စွမ်းအားရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသည့် ပစ္စည်း များကို အသုံးပြုနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် ကာကွယ်ရေး စွမ်းအားရှိသည့် ကာကွယ်ရေးဖြစ်စေရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုအဆင့်မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားမှာ နိုင်ငံနှင့်ကိုက်ညီသည့် အင်အားရှိနေရန်လိုပြီး အရည်အချင်းပြည့်ဝသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ ပြည်သူ များက ယုံကြည်အားကိုးသည့်ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လည်းလိုပြီး ပြည်သူများနှင့် တစ် သားတည်းဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေ ကိုနားလည်ပြီး အသိတရားဖြင့် ဥပဒေကိုလိုက်နာရန်လိုကြောင်း၊ ထိုသို့နားလည်ရန် အတွက် အတန်းပညာများ တက်မြောက်ရန်လိုအပ်သဖြင့် မိမိတို့အနေဖြင့်ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံအတွင်း၌ ထုတ်ကုန်များထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပို့ကုန်များ နည်းပါးလျက်ရှိသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုမူဝါဒကို ပြောင်းလဲပြင်ဆင်ပေးခဲ့ရာ ပို့ကုန် များ တိုးတက်လာသည်ကိုတွေ့ရကြောင်း၊ ပို့ကုန်များတိုးမြှင့်ခြင်းကြောင့် ပြည်တွင်း လိုအပ်ချက်များမဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စီးပွားရေးမြှင့်တင်ရေး အတွက် ကုန်ထုတ်လုပ်မှုများမြှင့်တင်ပေးရန် ပြည်ထောင်စုဝန်ကြီးဌာနများက ဦးဆောင် မှုပေးရန်လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်နေရန်လိုကြောင်း၊ နိုင်ငံ၏အဓိကထုတ်ကုန်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်သဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း ၄ သွယ်ဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်း ထွက်ရှိစေရေးဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် အ ကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများ၏ကြိုးပမ်း ဆောင်ရွက်မှု များအပေါ်တွင် များစွာမူတည်နေကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အထူး အလေးပေးဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသူများအနေဖြင့် Skill Labour များဖြစ်စေရေးအတွက်လည်း ဆောင်ရွက်ပေးရန် လိုကြောင်း။
မိမိတို့နိုင်ငံ၏ စားသုံးမှုတွင် ဆီနှင့် နို့ထွက်ပစ္စည်းများရှိပြီး ပြည်ပမှ နှစ်စဉ် တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့် မြေနေရာများများစွာရှိသဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဆီထွက်သီးနှံ များ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်းထွက် ရှိစေရေး အထူးအလေးပေးဆောင်ရွက်ကြစေလိုကြောင်း၊ နို့ထွက်ပစ္စည်းများကိုလည်း ပြည်တွင်း၌ ယခုထက်ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး မွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နို့ထွက်ပစ္စည်းများ တိုးတက် ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း။
နိုင်ငံတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်အကောင်အ ထည် ဖော်ဆောင်ရွက်နိုင်သည့် ရေခံမြေခံကောင်းများရှိခြင်းကြောင့် ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထုတ်လုပ်မှုများ တိုးတက်လာ မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုများလျော့ကျလာမည်ဖြစ်ကြောင်း၊ ထိုသို့နိုင်ငံခြားငွေသုံးစွဲမှုများ လျော့ကျသွား မည်ဆိုပါက ပြည်တွင်းငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန်ကာ နိုင်ငံ့စီးပွား မြင့်မားလာမည်ဖြစ်ကြောင်း၊ထို့သို့နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာမည်ဆိုပါက ပြည်သူ တစ်ဦးချင်း၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်သူများ အသိ ပညာ အတတ်ပညာများရရှိအောင် ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ အလားတူ ကုန်ထုတ်လုပ်ငန်းအတွက်လိုအပ်သည့် ကုန်ထုတ် လမ်းများနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်အကိုင်များရရှိရေး၊ အသိပညာများရရှိရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ဝန်ကြီးဌာနများအား လုံးက ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာကျေးလက်နေပြည်သူများ ၏အလုပ်လုပ်နိုင်စွမ်းများတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေး ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများမှ အရေအတွက်ထက် အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများသည် အရေးကြီးပြီး မိမိတို့နိုင်ငံအတွက်သာမက နိုင်ငံတကာတွင်လည်း MSME လုပ်ငန်းများ သည့် အရေးပါသည့်အခန်းကဏ္ဍ၌ ရှိနေကြောင်း၊ အိမ်တွင်းစက်မှုလုပ်ငန်း အသေးစား လုပ်ငန်းများမှသည် အလတ်စားကုန်ထုတ်လုပ်ငန်းများအထိ ဆောင်ရွက်နေကြ ကြောင်း၊ စက်မှုနိုင်ငံကြီးများသည်ပင်လျင် MSME လုပ်ငန်းများဆောင်ရွက်နေကြ သည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတွင် အခရာကျ သည့်နေရာ၌ရှိပြီး အရေအတွက်မဟုတ်ဘဲ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန် များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME ကုန်ထုတ်လုပ် ငန်းများ ဆောင်ရွက်ရာတွင် ပညာရည်မြင့်မားသူများဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ ခေတ်စနစ်နှင့် လျော်ညီသည့် နည်းပညာများကို အကျိုးရှိရှိအသုံးပြုနိုင်ရေးဆောင် ရွက်ပေးနိုင်မည်ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာ ပြည့်စုံသည့် လူသားအရင်းအမြစ်များ၊ ခေတ်မီ နည်းပညာများ စသည့်နယ်ပယ်တို့ကို ပေါင်းစပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင် မြင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းကို ရှာကြံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည်မှာ ကုန် ကြမ်းများ၊သွင်းအားစုများ ပြည့်မီစွာရရှိရေးပင်ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူ ရေးမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်း သည် သေချာသည့် ကုန်ထုတ်လုပ်ငန်းပင်ဖြစ်သဖြင့် ကုန်ကြမ်းများကို နည်းပညာများ အသုံးပြု၍ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ကြမ်းသာမက အခြားလိုအပ်သည့် သွင်းအားစုများ၊ အရင်းအနှီးများ ရရှိရေး အတွက်လည်း ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အနေဖြင့် ပထမဦးစားပေးဆောင်ရွက် လျက်ရှိပြီး ဒုတိယဦးစားပေးလုပ်ငန်းသည် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ် ကြောင်း။
ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ အားပေးမြှင့်တင်ရေး
မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာ အတတ်ပညာ ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရန် လိုကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ အနည်းဆုံးအလယ်တန်းပညာအဆင့် KG + 9 အထိ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး အခြားလိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကိုမဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်စေရေးအတွက် ပညာရေးဝန်ထမ်းများကို ချီးမြှင့်မြှောက်စားခြင်း၊ စားဝတ်နေ ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း၊ ၎င်းတို့၏အရည်အသွေးများ မြှင့်တင် ပေးခြင်းတို့ဖြင့်မြှင့်တင်ဆောင်ရွက်နေကြောင်း၊ ဝေးလံခေါင်ဖျားသည့် နယ်စွန်နယ်ဖျား များ၌ သွားရောက်တာဝန် ထမ်းဆောင်နေရသည့် ပညာရေးဝန်ထမ်းများကိုလည်း လေးစားတန်ဖိုးထားရန်လိုပြီး အစိုးရသာမက ဒေသအလိုက် တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ၎င်းတို့သည် နိုင်ငံ့ အနာဂတ်အတွက် အရေးကြီးသည့် လူသားအရင်းအမြစ်ကောင်းများမွေးထုတ် ပေးနိုင် ရေး တာဝန်ကျရာနေရာဒေသ အသီးသီးသို့ အခက်အခဲအမျိုးမျိုးကြားမှ သွားရောက် တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ပညာ ရေးမြှင့်တင်မှုနှင့် ပတ်သက်လာပါက အပေါ်ယံမကြည့်ဘဲ လေးလေးနက်နက် စဉ်းစား ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အလားတူ ပညာရေးကိုအထောက်အကူပြုနေသည့် အခြားလုပ်ငန်းရပ်တစ်ခုဖြစ် သည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍လည်း အလေးပေးဆောင်ရွက် သွားရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာလျင် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်စွမ်းရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများကို အားပေးရမည်၊ စောင့်ရှောက်ပေးရမည်ဖြစ်ပြီး ဆေးရုံများသန့်ရှင်း သာယာလှပရေးနှင့် အဆောက်အဦများ ပြည့်စုံကောင်းမွန်ရေး၊ ဆေးဝါးအထောက် အကူပြုပစ္စည်းများ ပြည့်စုံစေရေးတို့အတွက် တတ်နိုင်သမျှဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံ၍လည်း လိုအပ်သည်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပါကလိုအပ်သည် များအားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
လက်ရှိအချိန်တွင် အစိုးရအဖွဲ့အတွင်း၌ တာဝန်ပေးခန့်အပ်ထားသည့် ပြည် ထောင်စုဝန်ကြီးအများစုမှာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အများစုပါဝင်ကြောင်း၊ ထို့ ကြောင့် ဝန်ကြီးဌာနများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ကိုယ်ချင်းစာတရားဖြင့် သာတူညီမျှအုပ်ချုပ်ကြရန်ကြောင်း၊ ဝန်ထမ်းများအား ရာထူး နှင့်ပတ်သက်၍ တိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများဆောင်ရွက်ရာတွင်လည်း သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မျှတမှုရှိ အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနများ အလိုက်တာဝန်ထမ်းဆောင်မှုများ ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်နှင့် ဌာနအတွင်း မျှတ မှုများရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ထို့ပြင်သက်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်ဆင့်တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများအပေါ် သာတူညီမျှကွပ်ကဲအုပ်ချုပ် ကြရန်လိုပြီး အမြဲမပြတ်ထိတွေ့ ဆက်ဆံကာ၎င်းတို့၏လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ် ချက်များ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲများကိုသိရှိအောင် ဆောင်ရွက်ကာ တတ်နိုင် သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးများကို လည်း မြှင့်တင်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့် ကွပ်ကဲကြပ်မတ်မှုများ လည်းရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများကို လည်း ပေးနိုင်ရမည်ဖြစ်ပြီး မသွားသင့်သည့်နေရာကို မသွားရန်၊ မပေါင်းသင့် သည်သူကို မပေါင်းရန်၊ မပြောသင့်သည့်စကားကို မပြောရန်၊ မလုပ်သင့်သည့် အလုပ်ကို မလုပ်ရန် စသည်ဖြင့် လမ်းကြောင်းမှန်ကို ပြသပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန် ထမ်းများအား လမ်းကြောင်းမှန်ကို တည့်မတ်ပေးခြင်းသည် နိုင်ငံ့အကျိုးကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်သည့်အတွက် ဝန်ကြီးများအနေဖြင့်လည်း စဉ်းစား ချင့်ချိန် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအား ထိရောက်စွာအသုံးချ
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် ဖက်ဒရယ်ဟူသည့် စကားရပ်ကိုသိရှိရန်လိုပြီး ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင် ခွင့်များကို တာဝန်ခွဲဝေပေးခြင်းဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ရသည်များရှိကြောင်း၊ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင် ပေး၍ရကြောင်း၊ ထိုကဲ့သို့တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်တွင်လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များကို လုပ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖက်ဒရယ်အပေါ်တွင် ယုံကြည် မှုများ လျော့နည်းလာခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့်၊ ပေးအပ်ထားသည့်လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည် အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန် လိုကြောင်း။
အခြေခံပညာကျောင်းများ၏ စာမေးပွဲများအောင်မြင်စွာကျင်းပနိုင်ရေး
မကြာမီတွင် အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုကြတော့မည်ဖြစ်ပြီး ကျောင်းတက်နေသည့်ကလေးများအားလုံး ကျောင်းမပျက်မကွက် တက်ရောက်နိုင် ရေး၊ စာမေးပွဲကိုချောမွေ့စွာပြီးစီးနိုင်ရေးအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေး ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် အုပ်ချုပ်ရေးအဆင့်ဆင့်မှ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
လက်ရှိကာလတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုသို့ ရောက်ရှိလာနေပြီဖြစ် သည့်အတွက် ရုံးဌာနများ၊ ရပ်ကွက်၊ ကျေးရွာများ၌ မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ တစ်ဖက်တွင် လည်း မိမိတို့၏ နေအိမ်များ၊ လမ်းများ၊ ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းများ သန့်ရှင်း သပ်ယပ်မှုရှိစေရေး၊ သာယာလှပမှုရှိစေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကြာမီတွင် နွေရာသီကျောင်းပိတ်ရက်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး ခရီးသွား ကာလ စတင်တော့မည်ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဝန်ကြီး ဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ဒေသနှင့် ပတ်ဝန်းကျင် မျက်စိပသာဒရှိစေရေး၊ စိမ်းလန်းစိုပြေပြီးသန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းကိုအားပေးဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခု တည်းဖြင့် ဆောင်ရွက်၍မရဘဲ ဒေသအလိုက် နေထိုင်သူများ၊ တာဝန်ရှိသူများအားလုံး အတူတကွ ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဆောင်ရွက်ရာ တွင် နေရာဒေသအလိုက် မိမိတို့ဒေသသို့လာရောက်ကြသူများအား စနစ်ကျနပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမှုရှိသည့် နေထိုင်စားသောက်မှုဝန်ဆောင်မှုကို ပေးနိုင်ရေး အတွက် ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း။
တစ်ဆက်တည်းတွင် နွေရာသီကာလသို့ ရောက်ရှိသည့်အချိန်တိုင်း ဖြစ်လေ့ ဖြစ်ထရှိသည့် ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ရေးအတွက်လည်း ကြိုတင်စီမံ ဆောင်ရွက် ထားကြရန်လိုကြောင်း၊ သောက်သုံးရေများဖူလုံစွာရရှိရေး၊ ချောင်း၊ မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်သွားကြရန်လိုပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရေစီးရေလာ ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေးသည် စည်ပင် သာယာမှ တာဝန်ရှိသူများဖြင့်သာ ဆောင်ရွက်သည်နှင့် လုံလောက်မည်မဟုတ်ဘဲ ရပ်ရွာလူထုမှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ပြည် တိုးတက်ရေးအတွက် အစိုးရမှ ဦးဆောင်ရမည်မှာ မှန်သော်လည်း ပြည်သူလူထု တစ်ရပ်လုံးမှ စုပေါင်းအားဖြင့် ဝိုင်းဝန်းဆောင်ရွက်မှသာလျင် ဖွံ့ဖြိုးတိုးတက်မှု အားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု၊ တိုင်းပြည်အကျိုးပြု လုပ်ငန်းများ ပြည်သူလူထုစုပေါင်းအားများ ဖြင့်ဆောင်ရွက်နိုင်ရေး မိမိတို့အစိုးရအနေဖြင့် ဦးဆောင်၍ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက နှစ်အလိုက်ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းအခြေအနေ၊ ရငွေနှင့်သုံးငွေေအချိုး၊ လိုငွေနှင့် ဂျီဒီပီအချိုး၊ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားအသိအမှတ်ပြုကတ်ပြားရရှိရေး ဆောင်ရွက်ပေးမှု၊ မဲစာရင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်မှု၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်အတွက် ကြိုတင် ပြင်ဆင်ဆောင် ရွက်ပြီးစီးမှု၊ နှစ်အလိုက် လယ်ယာကဏ္ဍ တိုးတက်မှုနှင့် သီးနှံ အလိုက် ပန်းတိုင် အထွက်နှုန်းများ ပြည့်မီအောင်အကောင်အထည်ဖော်နေမှု၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်နေမှု၊ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန် အမျိုးအစားအလိုက် တန်ဖိုးမြင့်ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှု၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာ စာမေးပွဲများကျင်းပရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် ပို့ကုန်/ သွင်းကုန် အခြေအနေ၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး စီမံဆောင် ရွက်နေမှု၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိမှုနှင့် အားကစားကဏ္ဍ မြင့်မားရေး အားပေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ပြောကြား ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများကိုအကျိုးရှိစွာဖြင့်အသုံးချရန်လိုကြောင်း၊ ပကာသန များနှင့် For Show များကို ဦးစားမပေးပဲ ထိရောက်အကျိုးရှိသည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်အကောက်များအပြည့်အဝ ရရှိမှသာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက်ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သက်ဆိုင်သည့်ဌာနများအနေဖြင့် စနစ်တကျပြည်ဝစွာကောက်ခံ ရရှိအောင်ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် ထုတ်ပေးထားသည့် မော်တော် ယာဉ်များနှင့် စက်ပစ္စည်းများ ၊ အသုံးအဆောင်ပစ္စည်းများကို စနစ်တကျဖြင့် ထိန်း သိမ်း သုံးစွဲကြရန်လိုကြောင်း၊ လိုအပ်ချက်အရဝန်ထမ်းများခန့်အပ်ရာတွင်လည်း အမှန် တကယ်လိုအပ်သည့် ဝန်ထမ်းအင်အားကိုသာခန့်အပ်ရန်လိုကြောင်း။
လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧက အထွက် နှုန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှိပြီးသား စိုက်ပျိုးမြေများပေါ်တွင်သာ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းသည် အကျိုးအရှိဆုံးပင်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့နိုင်သည့် ဈေးကွက်သေချာသော သီးနှံများကိုလည်း စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့ပြည်သူများ၏ ကြံ့ခိုင် မှုများ ပိုမိုကောင်းမွန်စေရေး အတွက် စားသောက်မှုပုံစံကိုလည်း ပြောင်းလဲရန်လိုပြီး ဆန်စားသုံးမှုနှင့်အတူ ဂျုံကိုပါ တွဲဖက်၍ စားသုံးသည့် အလေ့အကျင့်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ဂျုံစိုက်ပျိုး၍ရသည့် ဒေသများ၌လည်း ဂျုံစိုက်ပျိုးမှုများ တိုးတက်စေရေး ဆောင်ရွက် ပေးကြရန်လိုကြောင်း။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး နှင့်ပတ်သက် ပြီး စံနှုန်းသတ်မှတ်ချက်အရ ၁၀ နှစ်လျင်တစ်ကြိမ်ကောက်ယူရန်မှာ အစိုးရတစ်ရပ် အနေဖြင့်တာဝန်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှ ရရှိလာသည့် အချက် အလက်များအပေါ်မူတည်၍ နိုင်ငံတော်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း ရပ်များကိုမှန်မှန်ကန်ကန်ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊မဲစာရင်းများမှန်ကန်မှု ရှိရေးအတွက်ကိုသာမကဘဲ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အချက်အလက် များရရှိရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းသည် မိမိတို့အတွက် အရေးကြီးသည့် လုပ်ငန်းများပင်ဖြစ်ကြောင်း။
ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံနိုင်သည့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ် ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားပေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ ပြည်တွင်း ငွေကြေးလည်ပတ်မှုများအားကောင်းလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များနှင့်ပတ်သက်၍လည်း ပြည်ပသို့သွားရောက်၍ ကျန်းမာရေး စောင့်ရှောက် မှုခံယူနေခြင်းများရှိကြောင်း၊ ထိုသို့သွားရောက်ရခြင်းကြောင့် ပြည်ပသုံးစွဲငွေများရှိ သကဲ့သို့ အခြားအခက်အခဲများ လည်းရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူအားကစားကဏ္ဍ မြှင့်မားရေးအတွက်လည်း အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြော ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအလိုက်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တာဝန်ရှိသူများအနေဖြင့် မိမိတို့၏တာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် တို့အပေါ်အခြေခံ၍ မိမိတို့တာဝန်ယူထားရသည့် နယ်ပယ်အလိုက် လုပ်ငန်းရပ်များ တိုးတက်အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူထားသည့် နယ်ပယ်အကြောင်း၊ လက်အောက်ဝန်ထမ်းများ၏ အကြောင်း၊ မြေပြင်အခြေအနေ အကြောင်းကို ခြေခြေမြစ်မြစ်သိရှိထားရန်လိုကြောင်း၊ ထို့ကြောင့် ဝန်ကြီးများ အနေဖြင့်လည်း သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်း ဆောင်ရွက်မှုများတိုးတက်မှု ရှိစေရေးအတွက် မဟာဗျူဟာစီမံချက်များ အကောင် အထည်ဖော်ချမှတ်ရာတွင် အထောက်အကူရရှိစေရေး နယ်ပယ်အလိုက် စဉ်ဆက် မပြတ်လေ့လာ နေရမည်ဖြစ် ကြောင်း။
အချို့သော ဒေသများသည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့သည် ပြည်ထောင်စုဖြစ်သည့်အတွက် ၎င်းတို့ဒေသများကိုလည်း ချန်လှပ်ထား၍ ရမည်မဟုတ်ဘဲ ၎င်းတို့ဒေသနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင် ပေးနိုင်ရမည်ဖြစ်ကြောင်း။
ပို့ကုန်နှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် သတ်မှတ်ထားသည့်အတိုင်း တင်ပို့နိုင် မည်ဆိုပါက ကုန်သွယ်မှုလိုငွေလျော့ကျလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပို့ကုန်များ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက လုပ်ငန်းရပ်များအားလုံး အောင်မြင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့တာဝန်ယူထားရသည့် ကဏ္ဍအလိုက် အင်ပြည့်အားပြည့်ဖြင့်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။