၁။၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှု ကြောင့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားခဲ့ပါသည်။ မိမိတို့နိုင်ငံ၌လည်း JN.1 ကူးစက်မှုအား အတည်ပြုတွေ့ရှိထားပြီးဖြစ်ကာ လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါအပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရပါသည်။
၂။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါများ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ အထူးသဖြင့် အောက်ပါအခြေအနေများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်သင့်ပါကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်-
(က) လူထူထပ်သောနေရာ၊ အလုံပိတ်နေရာ၊ လေဝင်/လေထွက် မကောင်းသော နေရာများတွင် ရှိနေချိန် (လူတစ်ဦးနှင့်တစ်ဦး ၃ ပေခြား၍ နေထိုင်ရန် မဖြစ်နိုင်သော အခြေအနေ)၊
(ခ) အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊
(ဂ) ဆေးရုံ/ကျန်းမာရေးဌာနများနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်ခြင်း၊
(ဃ) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်မား သူများ (အသက်အရွယ်ကြီးသူများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ အဝလွန်သူများ၊ အကြောင်းအမျိုးမျိုး ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူများ၊ အထွေထွေ ကျန်းမာရေး မကောင်းသူများ)၊
(င) ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများ ရှိခြင်း။
၃။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေအား လျှော့ချနိုင်သည်ဖြစ်၍ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန် နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်မားသော အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါ အခံရှိသူများနှင့် ကိုယ်ခံအားနည်းနေသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် နှင့် ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ တစ်ခုခု ခံစားနေရပါက အခြားသူများသို့ ကူးစက်မှုမရှိစေရေး လူထူထပ်သော နေရာများနှင့် အလုံပိတ်နေရာများသို့ သွားလာ ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သော ဆေးကုသမှု ခံယူကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။