တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့ပါသည်။ အသည်းအစားထိုးခွဲစိတ်ကုသမှု အစီ အစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ် ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသ ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ယခုအခါပဉ္စမအကြိမ်အသည်းအစား ထိုးခွဲစိတ်ကုသမှုအားလူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှအသည်းအစား ထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာ ဒုတိယဗိုလ်မှူးကြီး ဉာဏ်မြင့်အောင် (ငြိမ်း) ၏ဇနီး ဒေါ်အေးသီတာနှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုသက်ကိုဦး တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော အသည်းကို ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစား ထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်း ကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများ က ကြည့်ရှုအားပေးခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။