(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်

Saturday, January 27, 2024 - 17:00

ပညာရေးဝန်ကြီးဌာန၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာတမ်းရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၁၇)ကြိမ်မြောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ဆုရရှိသူများဖြစ်ကြသည့်ဒေါက်တာ ထက်ထက်သန်းစိန်၊ဒေါက်တာ ဇော်ဇော်သိန်း၊ ဒေါက်တာ အိအိဖြိုး၊ ဒေါက်တာ ဝင့်ဝါဝါထွန်း၊ ဒေါက်တာ နန်းယဉ်ယဉ်မိုး၊ ဒေါက်တာ ချိုမာလွင်၊ ဒေါက်တာ ခင်မို့မို့နှင့် ဒေါက်တာ ဟိန်းလတ် တို့ကိုလည်းကောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မြန်မာဘာသာ ရပ်နှင့်အင်္ဂလိပ်ဘာသာရပ် တို့တွင်အကောင်းဆုံးစာတမ်းဆုများရရှိကြသည့် ဒေါက်တာ မြမြဝင်း၊ ဒေါက်တာ အေးစုငြိမ်း၊ ဦးခင်အေး နှင့် ဒေါ်ကေခိုင်ငြိမ်း တို့ကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ဒေါက်တာ ညွန့်ဖေတို့က ဘာသာရပ်များ အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုဆုရရှိကြသည့် စာတမ်းရှင်များကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ  ဂုဏ်ပြုညစာ ကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများ၊ အက အလှများ ဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှု ဝန်ကြီးဌာ၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များကို ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည်  ဝါရင့် ပညာရှင်ကြီးများ နှင့် တက်ရောက်လာကြသူများအား  ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။