ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော် မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား လာရောက် ဖူးမြော် ကြည်ညိုကြသည်။
ဉီးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဂေါပကအဖွဲ့ နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရား ကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ် ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနား ကြီးများ စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြ ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင် မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက် ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေ ချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုအသေးစိတ် ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ဘုရားဖူးလာအဖွဲ့များ သည်ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့တာဝန် ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘုရားဖူးလာအဖွဲ့များသည် မာရဝိဇယရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာ ကြည့်ရှု ကြသည်။
ယင်းနောက် ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက် ထားရှိသည့် မော်ကွန်း တိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ် ပြသထားမှု၊ ဗုဒ္ဓဥယျာဉ် တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့ သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်း ပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတု တော်ကြီးအားအစိတ်အပိုင်း(၄)ပိုင်းခွဲ၍ တည် ဆောက်ထားသောဆင်းတုတော်ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံ ငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်မှု မှတ်တမ်းတင် ဓာတ်ပုံများနှင့် အခြားလေ့လာ သင့်သည်များကို လှည့်လည် ကြည့်ရှု ကြသည်။
ဆက်လက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး ၊ ကျောက် စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဉီများအား ဆက်လက်ဖူးမြော် လေ့လာ ကြည်ညိုခဲ့ကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရှိရသည်။