နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် နေပြည်တော်   ဇန်နဝါရီ  ၂၆

Friday, January 26, 2024 - 15:15

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှု အားပေး ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဦးရွှေ ကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အနိုင်မခံ၊ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြစေလိုကြောင်း၊ ထို့ပြင် ပြိုင်ပွဲကို ကြီးကြပ်ကြမည့် ဒိုင်လူကြီးများကလည်း ပြိင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ တရားမျှတစွာနှင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခု ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမား ကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် ပြောကြားပြီး “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အ သင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ဖွင့်ပွဲ ပွဲစဉ်အဖြစ် ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေး ကြသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C) ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးသား (၁၂) သင်းနှင့် အမျိုးသမီး (၁၁) သင်းတို့မှ  အားကစားသမား စုစုပေါင်း ၃၆၉  ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်းသိရသည်။