တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၃)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပ နေပြည်တော် ၊ ၂၀၂၄ ဇန်နဝါရီ   ၂၅

Thursday, January 25, 2024 - 16:15

           တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၃)၊ တပ်မတော် (ရေ)အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ)အမျိုးသမီး အရာရှိငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ဇွဲဝင်းမြင့် တက်ရောက် မိန့်ခွန်းပြောကြားသည်။

           အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်၀င်း ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထား သူများတက်ရောက်ကြသည်။

           ဦးစွာကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကစစ်ရေး​ပြကွင်းအတွင်း ချီတက် နေရာယူကြပြီးနိုင်ငံတော်အလံအား​အလေးပြုကြသည်။

           ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်က ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်း ဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကိုစစ်ဆေးသည်။

           ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ) အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြ သည်။

           ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၃)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၆၉၃ ဗိုလ် လင်းအောင်နိုင်နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၆၉၄ ဗိုလ် ဝင်းဇော်ဟိန်း တို့အားလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၇) မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၇၃၇ ဗိုလ် အောင်မြတ်နှင့် ရေကြောင်းအင်ဂျင်နီယာ ပညာစာပေထူးချွန်ဆုရ ရေ ၅၇၃၃ ဗိုလ်ကျော်ဇင်သက် တို့အားလည်းကောင်း၊ တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ်(၉)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၇၄၃ ဗိုလ် ဒေါ်ဖူးမော်သန်းနှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၇၃၉ ဗိုလ် ဒေါ်ခက်ခက်ဦးတို့အားလည်းကောင်း ထူးချွန်ဆုများအသီးသီးပေးအပ် ချီးမြှင့်သည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ဇွဲဝင်းမြင့်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် သင်တန်းကသင်ကြားပေးလိုက်သည့် ရေတပ်ပညာ ရပ်များသည် ရေတပ်သားကောင်း တစ်ယောက်ပီသစွာ ပင်လယ်ပြင်တာဝန်ထမ်းဆောင်မှု (Afloat Duty)ကို ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ပြီး ခံနိုင်ရည်ရှိအောင်လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ရာတွင်ကိုယ်ခန္ဓာကြံ့ခိုင်မှုသာမက စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါတည်ဆောက်သွားကြရ မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ်တည်‌ဆောက် လျက်ရှိရာ စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်များအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ပိုင်းဆိုင်ရာအလိုက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာလေ့ကျင့် သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူများအနေဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ရန်၊ တွေးခေါ်မြော်မြင်နိုင်ရန်အတွက် ဗဟုသုတများကြွယ်ဝစေရန် လိုအပ်ပြီး အမြဲတမ်းစာပေဖတ်ရှုလေ့လာသွားကြရန်လိုအပ်ကြောင်း၊ ပေးအပ်သောတာဝန် များကို အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရာတွင် ခေါင်းဆောင်လုပ် သူ၏ အတတ်ပညာပိုင်းဆိုင်ရာ ပြည့်ဝမှု(Proficiency)က အရေးပါသည့်အတွက် တစ်ဦးချင်း လေ့လာမှုအားကောင်းမှသာ တွေးခေါ်ကြံစည်မှုများ ကောင်းမွန်လာမည်ဖြစ်သဖြင့် တစ်ဦးချင်းအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် လေ့လာအားထုတ်ကြိုးပမ်း သွားကြ ရန်လိုကြောင်း။

တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်အား ရှေ့တန်းကျကျကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွား များအားကာကွယ်စောင့်ရှောက်နိုင်ရမည်၊ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည် ဆိုသည့်ရည်မှန်းချက်တာဝန်များထားရှိ၍ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်ရမည် ဟူသောတပ်မတော်၏ ရည်မှန်းချက်တာဝန်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ရေ)ရှိစစ်ရေယာဉ်များဖြင့် ရေပြင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေးတို့တွင် အောင်မြင်မှုများရရှိစေရန် ရေယာဉ်တစ်စီးချင်းစီအလိုက်သော်လည်းကောင်း၊ ရေယာဉ်အုပ် အလိုက်သော်လည်းကောင်း လေ့ကျင့်သည်သာမက နှစ်စဉ်စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း(Combined Fleet Exercise)များကို ၂၀၁၄ ခုနှစ်မှစတင်၍ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့်အိမ်နီးချင်းရေတပ်များ၌ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ပြင်လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်နယ်နိမိတ် တစ်လျှောက် ပူးတွဲကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဖြစ်ပေါ် လျက်ရှိသည့် နိုင်ငံရေးအခြေအနေအရ တပ်မတော်(ရေ)သည် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပေးလျက်ရှိကြောင်း၊ ခေတ်သစ်စစ်ပွဲများ၏ သဘောသဘာဝအရ တပ်ဖွဲ့အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆင်ရေးများဆောင်ရွက်မှသာ အောင်ပွဲရရှိမည်ဖြစ်သည့်အတွက် တပ်မတော်(ကြည်းရေ၊လေ) ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများတွင် တပ်မတော်(ရေ)အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်းသို့ အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်း သည် စစ်တွေမှတစ်ဆင့်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းပြီးပြီးချင်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် စားသောက်ကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများကို ချက်ချင်းပို့ဆောင်နိုင်ခဲ့ကြောင်း၊ မုန်တိုင်းပြီးဆုံးပြီးနောက် ပြန်လည်ထူထောင် ရေးကာလတွင်လည်း ရန်ကုန်မှ ရခိုင်ပြည်နယ်အတွင်းသို့ စုစုပေါင်း ကုန်ပစ္စည်းတန်ချိန် ၉,၀၀၀ ကျော်ကိုစစ်ရေယာဉ် ၄၉ စီးဖြင့်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၅)သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကချမှတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအပါအဝင် နိုင်ငံတော်ကပြဌာန်းထားသည့် ဥပဒေနှင့် စည်းကမ်းများ ကိုလည်း စံနမူနာပြလေးစားလိုက်နာကျင့်သုံးပြီး လက်အောက်ငယ်သားများကိုပါ လိုက်နာမှု ရှိစေရေးကြပ်မတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိအလုပ်၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရန်၊ မိမိကိုယ်တိုင်သာမက နိုင်ငံတော်နှင့် တပ်မတော်အပေါ် ယုံကြည်ချက်၊ ခံယူချက် မြင့်မားစွာထားရှိရန်လိုကြောင်း အထူးအလေးအနက်ထား မှာကြားချက်နှင့်အညီ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မြွက်ကြားခဲ့ကာ လက်ရှိ ဖြစ်ပေါ်နေသောနိုင်ငံရေး နှင့်စစ်ရေး အခြေအနေများအရ တပ်မတော်(ရေ) အနေဖြင့် ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေး(Riverine Operation) များ ကိုပါ ဆင်နွှဲနေခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သည့် ခေါင်းဆောင်များဖြစ်ကြစေရန် လက်တွေ့အ ကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်၏အရေးပါမှုများကိုသိရှိထားရန် လိုအပ်ကြောင်း၊ နိုင်ငံအကျိုးစီးပွားကို အထောက်အကူပြုသည့် မိမိတို့နိုင်ငံ၏ရေကြောင်း အကျိုးစီးပွားကိုကာကွယ်ရာတွင် ကုန်သွယ်ရေလမ်းကြောင်းများနှင့် ဆိပ်ကမ်းလုံခြုံရေးအတွက် တပ်မတော်(ရေ)က ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ကုန်သွယ်မှုကွန်ယက်ကို အထောက်အကူပြုသည့် မြစ်ချောင်းများ ထိန်းသိမ်းရေးကဏ္ဍများ၌လည်း တပ်မတော်(ရေ)အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များ၏အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသွားသည်။ အခမ်း အနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့တက်ရောက်လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြောင်း သတင်းရရှိသည်။