နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ

Tuesday, January 23, 2024 - 14:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်                                                                                                   

နေပြည်တော် ၊ ဇန်နဝါရီ - ၂၃

          ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆု တံဆိပ် ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆု ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒိ္ဓအားကစားရုံ(B)၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် သည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဖိတ် ကြားထားသူများ၊ ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲ များတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစား မောင်မယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြီးစီး ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြီး အာရှအဆင့်နဲ့ ကမ္ဘာ့ အဆင့်အားကစားပြိုင်ပွဲများကို နိုင်ငံ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင် မှုဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအသင်းအဖွဲ့များကို နိုင်ငံတော် အဆင့် ထပ်မံဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားပင်ဖြစ်ကြောင်း။

          အောင်မြင်မှုရရှိခဲ့သည့် ပြိုင်ပွဲများမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တို ဘာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲနှင့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ရိုမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့                 E-Sports ချန်ပီယံရှစ်ပြိုင်ပွဲ၊ နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ သည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ ဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို နိုင်ငံတော်က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်ကြောင်း။

          ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်မှ အောက်တိုဘာလ (၈)ရက်အထိ တရုတ်  ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ခု၊ ရိုးရာ လှေ(၁၂)တက်လှော်(အမျိုးသမီး)မီတာ(၅၀၀)ပြိုင်ပွဲနှင့် ရိုးရာလှေ(၁၂)တက်လှော် (အမျိုး သား) မီတာ(၁၀၀၀)ပြိုင်ပွဲများတွင် ကြေးတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ (၄၅)နိုင်ငံအနက် နိုင်ငံအလိုက်ရပ်တည်မှုအဆင့်(၂၇) ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်(၂)ခုသာ ရရှိခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုအဆင့်( ၃၅ ) ရရှိခဲ့သောကြောင့် တိုးတက်မှုရှိလာသည်ဟု ဆို၍ ရနိုင်ကြောင်း။

          ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်မှ (၂၈)ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မီတာ(၁၀၀)နှင့်မီတာ(၂၀၀)တာတိုအပြေးပြိုင်ပွဲများ၌ ကြေးတံဆိပ်(၂)ခု၊ မီတာ(၁၀၀) တာတိုအပြေးပြိုင်ပွဲ၌ ကြေးတံဆိပ်(၁)ခု၊ စုစုပေါင်း ကြေးတံဆိပ်(၃)ခု ဆွတ်ခူးရရှိခဲ့ ကြကြောင်း။

          ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆)ရက်မှ စက်တင်ဘာလ (၃)ရက်အထိ ရိုမေးနီးယား နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ E-Sports ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် Dota 2 အသင်းလိုက်ပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ် ရရှိခဲ့ကြောင်း။

          ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်မှ (၁၂)ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲ တွင် Men’s Sports Physique up to 175 Centimetre ပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ခု၊ အမျိုးသားကာယဗလ(၇၀)ကီလိုတန်းပြိုင်ပွဲ၌ ငွေတံဆိပ်(၁)ခုရရှိခဲ့ကြောင်း။

          ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်မှ(၂၈)ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ သည့်(၁၉)ကြိမ်မြောက်ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ခင်ချယ်ရီသက် က ရွှေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ကာ ကမ္ဘာ့အဆင့်(၁)အဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း။

          ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်မှ ဒီဇင်ဘာလ(၁)ရက်ထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအားကစား သမား(၃၂)ဦးက ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခု ဆွတ်ခူးရရှိခဲ့သော ကြောင့် ကမ္ဘာ့အဆင့်(၆)နေရာတွင် ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရကြောင်း။

          ယခုကဲ့သို့ အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစု ပေါင်း ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၄)ခု၊ စုစုပေါင်းဆုတံဆိပ်                (၂၄)ခု ရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးရာရောက်သည့် အပြင် နိုင်ငံတကာအလယ်၌ အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများအပါအဝင် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ် တို့ကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်း။

ထိုသို့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့မှု များကို ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် တစ်ဦးချင်းရွှေတံဆိပ်နှင့် အသင်း လိုက် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၃၀၀)စီ၊ တစ်ဦးချင်းငွေ တံဆိပ်နှင့် အသင်းလိုက် ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၂၀၀) စီ၊ တစ်ဦးချင်းကြေးတံဆိပ်နှင့် အသင်းလိုက်ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းများကို ငွေကျပ်သိန်း(၁၀၀)စီ၊ စုစုပေါင်းငွေကျပ်သိန်း (၃၉၀၀)ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်း။

ယခုလိုအောင်မြင်မှုရရှိကြသည့် အားကစားသမားများကို နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနေသကဲ့သို့ အားကစားမောင်မယ်များအနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်လိုသည့် စိတ်ဓာတ်များမွေးမြူပြီး သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် အုပ်ချုပ်နည်းပြများ၏ သွန်သင်ဆုံးမလေ့ကျင့်ပေးမှုများအတိုင်း စည်းကမ်းရှိရှိ၊ အမိန့်နာ ခံမှုအပြည့်အဝနှင့် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန် စဉ်ဆက်မပြတ် လေ့ကျင့် ဆောင် ရွက်နေကြရန် အထူးမှာကြားလိုကြောင်း။

၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက်လည်း ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလအတွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိ ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်ရေး၊ လူငယ်၊ လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ် ပါဝင်စားပြီး အားပေးဆောင်ရွက်လာစေရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်စေရန်အထောက်အကူ ပြုနိုင်စေရေး ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေး သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ များအနေဖြင့်လည်း ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးကိုယ်စားပြုအသင်း များကို ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အဆင့်မီမီ အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားကြရန်နှင့် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တစ်ပါတည်း မှာကြားလိုကြောင်း။

လာမည့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့  တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံတွင်ကျင်းပမည့် အကြိမ်(၂၀) မြောက်အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်မည့် အားကစား နည်းအရေအတွက်သာမက အားကစားသမားအရေအတွက်ပါ အဆင့်မီမီတိုးမြှင့် ယှဉ်ပြိုင် နိုင်ရန်နှင့် ယခုထက်ပိုမိုအောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းပြီး လူရွေးချယ်ရေးစီမံချက်၊ လေ့ ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များကို စနစ်တကျ ရေးဆွဲကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

အားကစားမောင်မယ်များအနေဖြင့် နောင်လာမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌လည်း ဆက်လက်အောင်မြင်မှုရရှိစေရေး မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက် ပိုမိုအားထုတ်ကြိုးပမ်းသွားကြရန် ထပ်မံ၍အလေးအနက် တိုက်တွန်းမှာကြား လိုကြောင်း။

နိုင်ငံတကာပြိုင်ပွဲများမှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါဝင် စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး နှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားအဖွဲ့များအား ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ ကာယဗလနှင့် ကာယကြံ့ခိုင် မှု အားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ဗိုဗီနမ်အားကစားအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူးက ၂၀၂၃ ခုနှစ် အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ငွေတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် E-Sport အားကစားအဖွဲ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အား ကစားအဖွဲ့နှင့် ဗိုဗီနမ်အားကစားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကြေးတံဆိပ်ဆု ၅ ဆု ဆွတ် ခူးပေးနိုင်ခဲ့သည့် လှေလှော်အားကစားအဖွဲ့နှင့် ပြေးခုန်ပစ်(မသန်စွမ်း)အားကစားအဖွဲ့တို့ အားလည်းကောင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြေးတံဆိပ်ဆု ၅ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် ဗိုဗီနမ်အားကစားအဖွဲ့အားလည်းကောင်း၊ ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ကြေးတံဆိပ်ဆု ၄ ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် ဗိုဗီနမ်အားကစား အဖွဲ့အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်  ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်ရ အားကစားသမားများ ကိုယ်စား ပီတန်းအားကစားသမား ခင်ချယ်ရီသက်မှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားအဖွဲ့များမှအုပ်ချုပ်သူများ၊နည်းပြများ၊ အားကစား မောင်မယ်များနှင့်အတူ ဂုဏ်ပြုလက်ဖက်ရည်ကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။