နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ - ၂၀

Saturday, January 20, 2024 - 14:00

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ပုသိမ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွန်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမ အတွင်း လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားသည်။

ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ  တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွန်း က ပညာရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များနှင့် ဘွဲ့၊ ဒီပလိုမာပေးအပ်မှုများ၊ ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ ဘာသာရပ်အလိုက် သင်ကြား ရေးဝန်ထမ်းများနှင့် စီမံဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ၏ အိပ်ဆောင်များ တည်ဆောက်ထားရှိမှုနှင့် စား သောက်ရေးနှင့် နေထိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ စာကြည့်တိုက်နှင့် သင်ကြားရေး အဆောက်အဦ များ တည်ဆောက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ က ပုသိမ်တက္ကသိုလ်နှင့် ပတ်သက်၍ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုဆိုင်ရာ လို အပ်ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်နှင့် ဝန်းကျင် တစ်ဝိုက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးပြောကြားရာတွင် ပုသိမ် တက္ကသိုလ်သည် သက်တမ်း ၆၅ နှစ်ရှိပြီဖြစ်သည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်ကြားမှု ပိုင်းဆိုင်ရာများတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့နှင့် ရင်ပေါင်တန်းနိုင်ရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာရပ်သည် အတတ်ပညာကို သင်ကြားပေးသည်ဖြစ် သဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၎င်းတို့ဘဝတွင် အဆင်ပြေစွာ ရပ်တည် နိုင်သည်အထိ သင်ကြားပေးလိုက်နိုင်ရန်လိုကြောင်း၊ အခြေခံပညာမူလတန်း၊ အခြေခံ ပညာအထက်တန်းကျောင်းတို့တွင် တွေ့ကြုံခဲ့ရသည့် ပတ်ဝန်းကျင်နှင့် တက္ကသိုလ်တွင် တွေ့ကြုံရသည့် ပတ်ဝန်းကျင်သည် များစွာကွာခြားမှုရှိပြီး တက္ကသိုလ်ပညာရပ်သည် စာပေပညာကိုသာမက လူမှုအသိုင်းအဝိုင်းတစ်ခုနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကိုပါ သင်ကြားပေးလိုက်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် ပို့ချသင်ကြားခြင်း(Teaching)ကို အဓိကထားဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာ သင်ကြားခြင်း(Studying)ကို အဓိကထားဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ တက္ကသိုလ် တက်ရောက်စဉ် ပတ်ဝန်းကျင်မှရရှိသည့် အတွေ့အမြင်ဗဟုသုတနှင့် သင်ကြားမှုမှရရှိ သည့် တွေးခေါ်မျှော်မြင်နိုင်မှုတို့ကို ၎င်းတို့၏လက်တွေ့ဘဝတွင် အသုံးချ၍ အောင်မြင် စွာ ဖြတ်သန်းနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အတွေး အခေါ် မှန်ကန်ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာတတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြရန်နှင့် အခြေခံစိတ်ဓာတ်ကောင်းများရရှိရေး အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊  

စာပေနှင့်ပတ်သက်၍ သက်ဆိုင်ရာဘာသာရပ်များအလိုက် ထိုက်ထိုက်တန်တန် ဖြင့် ဘွဲ့ရရှိသူများဖြစ်စေရေး အလေးထား စိစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သင်ကြားရေးတာဝန်ယူထားရသည့် ဆရာ၊ ဆရာမ များအနေဖြင့်လည်း စဉ်ဆက် မပြတ် လေ့လာမှုများကို ဆောင်ရွက်၍ မိမိကိုယ်ကို ကိုယ်ရည်ကိုယ်သွေးပြည့်ဝအောင် ဆောင်ရွက်နေကြရန်လိုကြောင်း၊ ဆရာ၊ ဆရာမ များက အမှန်တကယ်တတ်ကျွမ်းပြီး မိမိတို့တာဝန်ယူထားသည့် ဘာသာရပ်ကို ပိုင်နိုင်နေမှသာလျင် မိမိတို့မှ မွေးထုတ်ပေး သည့် တပည့်များသည်လည်း ထူးချွန်ထက်မြက်မည်ဖြစ်ပြီး ၎င်းတို့၏ ဘဝတိုးတက် ရေးအတွက် လက်တွေ့နယ်ပယ်တွင် အမှန်တကယ် အသုံးချနိုင်မည်ဖြစ်ကြောင်း။

ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သဖြင့် ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေနှင့်စည်းကမ်းကို သိရှိလိုက်နာရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိအမြင်ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံကို ဦးဆောင်ကြမည့် လူသားအရင်းအမြစ်များအနေဖြင့် ဥပဒေပညာရပ်ကို နားလည်သိရှိ စေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကိုသင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက်လည်း စီးပွား ရေး အခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်းချက် မှာတက္ကသိုလ်ပညာသင်ကြားပြီး ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏လူမှုစီးပွားဘဝ နှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်သူများဖြစ်ရန်အတွက် မျှော်မှန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံ ဘာသာရပ်တတ်ကျွမ်းနားလည်သူများအပြင် ကဏ္ဍတစ်ခုအနေဖြင့် မရှိမဖြစ်လိုအပ် သည့် အတွေးအခေါ်ပညာရှင်ကောင်းများ ပေါ်ထွက်လာစေရေးအတွက်လည်း တွေး ခေါ်မျှော်မြင်မှုဆိုင်ရာ ဝိဇ္ဇာပညာရပ်ဆိုင်ရာ သင်ကြားမှုများကိုလည်း အားပေးဆောင် ရွက်သွားကြရန်လိုကြောင်း။

သက်တမ်းကာလကြာမြင့်ပြီဖြစ်ပြီး အစဉ်အလာရှိသည့် တက္ကသိုလ်ဖြစ်သည့် အတွက် ယခုတက္ကသိုလ်မှ ထွက်ပေါ်လာသူများသည် တက္ကသိုလ်အတွက် ဂုဏ်ယူဖွယ် ဖြစ်ရမည်ဖြစ်ကြောင်း၊ နယ်ပယ်အလိုက် ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင် သည့် တက္ကသိုလ်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တက်ရောက်ခဲ့သည့် တက္ကသိုလ် အတွက် ဂုဏ်ယူနိုင်စေရေးအတွက်လည်း တက္ကသိုလ်၏ ဂုဏ်အရှိန်အဝါနှင့် သာယာ လှပမှုတို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဟူသည်မှာ လေ့လာ ဖတ်မှတ်ခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် တက္ကသိုလ်စာကြည့်တိုက်နှင့် ပတ်သက်၍ နယ်ပယ်အစုံမှ စာအုပ်စာပေများစုံလင်မှုရှိရမည်ဖြစ်ကြောင်း၊

မိမိအနေဖြင့်လည်း ပညာရေးကို ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိပြီး ပညာရပ်ပိုင်းဆိုင်ရာ ချီးမြှင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရအတွက် ဟူသည်ထက် နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရန်လို ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ယာယီတာဝန်ယူခြင်း သာဖြစ်ပြီး ဆရာ၊ ဆရာမများ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့တာဝန်များကို အမြဲတမ်း တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒကို အကောင်အထည်ဖော်၍ နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ သည် မိမိတို့၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ နိုင်ငံကိုကောင်းအောင် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုကြည့်၍ မိမိတို့တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံ့ အတွက် လိုအပ်သည့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်စာကြည့်တိုက်အတွင်းနှင့် တက္ကသိုလ်အတွင်း လှည့်လည် ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။