ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ( ၁၄ ) ရက်

Sunday, January 14, 2024 - 15:15

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့ နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ ကွင်းဆင်း ကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သွားရောက်၍ ခရိုင်ပြည်သူ့ဆေးရုံ၊ သံတွဲမြို့မှ အထူးကု ဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ် အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၁၃၀)ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ (၁၂၀)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၁၀၆)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုမှု ဆိုင်ရာ လူနာ (၃၁၈)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု ဆိုင်ရာလူနာ (၂၁)ဦး၊ အသည်း ရောဂါဆိုင်ရာ လူနာ (၇၇)ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာ လူနာ (၁၈၉)ဦး၊ ဆီးချိုနှင့် ဟော်မုန်း ရောဂါဆိုင်ရာလူနာ (၁၁၉)ဦး၊ မျက်စိ‌ရောဂါဆိုင်ရာလူနာ (၃၈၁)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ (၃၂၂)ဦး၊ အရိုးရောဂါလူနာ (၄၀၆)ဦး၊ အရိုးအကြော အဆစ် ရောဂါလူနာ (၉၈)ဦး၊ စုစုပေါင်းဒေသခံ ပြည်သူ (၂၂၈၇)ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပါသည်။

လာရောက်ပြသသော လူနာများတွင် သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၅၅)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း (၈၆)ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း (၃၅၄)ဦး၊ Ultrasound ရိုက်ကူးခြင်း (၆၃)ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၂၅၀)ဦးတို့အား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပါသည်။ ထို့ပြင် မျက်စိ အတွင်းတိမ် လူနာ (၈)ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာ လူနာ(၁)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာ လူနာ (၂)ဦး၊ အရိုးရောဂါဆိုင်ရာလူနာ (၁)ဦး တို့အား ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်သည် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ပါမောက္ခ/အထူးကု ဆရာဝန်ကြီး များအား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခြင်း၊ ဇန်နဝါရီလ (၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့တို့တွင် အထူးကု ဆေးကုသရေးအစီအစဉ်သို့ လာရောက်ပြသကုသမှုခံယူကြသော လူနာများအား ကြည့်ရှု အားပေးပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ဒေသထွက်လက်ဆောင်များ ပေးအပ်ခြင်း၊ ညစာအတူသုံးဆောင်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ လာရောက် ပြသသော လူနာများကို သံတွဲမြို့မှ သိမ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒနှင့် အလှူရှင်များက နေ့လယ်စာ အာဟာရဒါန ထမင်း လှူဒါန်း ခဲ့ပါသည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅)ကြိမ်၊ ၂၀၂၄ ခုနှစ် အတွင်း တောင်ကြီးမြို့၊ ပြည်မြို့နှင့် ယခု သံတွဲမြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။