ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ  ၁၂

Friday, January 12, 2024 - 15:45

          အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချ ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့တော် ခန်းမရှေ့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စူဠာမုနိလောက ချမ်းသာ ဘုရားစေတီရင်ပြင်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၌ လည်းကောင်း၊ ကျောက်ဆည်မြို့၊ ရွှေသိမ်တော်ဘုရားဝင်းအတွင်း၌ လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့၊ မြို့နယ်အားကစားကွင်း၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ကန်သာကန်၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာ တော်များနှင့် မျိုးချစ်ပြည်သူ့ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး(ဒို့အရေး) ၊ ဗုဒ္ဓသာသနာအား အကြမ်းဖက် ဖျက်ဆီးနေသော သူပုန်များ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက်သူပုန် မှန်သမျှ(ဆန်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို အကြမ်းဖက်ဖျက်ဆီးနေသော လူသတ်မိစ္ဆာသူပုန် များအား ရှင်းလင်းရေး(ဒို့အရေး)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ ၊  ဆင်းတုတော်များအား ဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာသောင်းကျန်သူများ (ကျရှုံးပါစေ)၊ ဗုဒ္ဓဘာသာ၀င်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီး စော်ကားသူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)၊ သာသနာဖျက်အကြမ်း ဖက်သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံ များ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများသို့  သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သံဃာ တော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သတင်းရရှိသည်။