နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်အိတ်နှင့် ဆီများ ပေးအပ်လှူဒါန်း ၊ တိုင်းရင်းသားစာပေယဉ်ကျေးမ

Thursday, January 11, 2024 - 16:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်အိတ်နှင့် ဆီများ ပေးအပ်လှူဒါန်း ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့

မြစ်ကြီးနား     ဇန်နဝါရီ ၁၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုခဲ့ပြီး ဆွမ်းဆန် တော် ၊ ဆီနှင့် အလှူငွေများ လှူဒါန်း ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး ပရိတ်မေတ္တာ ဒေသနာတော်များကို နာယူကြပြီး ဆရာတော် အရှင်သူမြတ်များထံ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်းတို့အတွက် ဆန်အိတ် (၅၀) ၊  ဆီ ၁၀ ပုံး နှင့် အလှူငွေများအား လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနား ကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်တော် မူသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ကြ ပြီး စေတီတော်ကြီးကို ပန်း ၊ ရေချမ်း ၊ ဆီမီးများ ကပ်လှူ ပူဇော်ခဲ့ကြကာ စေတီတော် ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့ရာ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့ခေါင်းဆောင်များက ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြု လက်ဆောင်ပေးအပ်ကြသည်။

          တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ စကား ၊ စာပေ ၊ အနုပညာ ၊ ယဉ်ကျေးမှု ၊ ဓလေ့ ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိသကဲ့သို့ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျင်းပသည့် ပွဲတော်များ၊  ပြည်နယ်နေ့ အခမ်းအနားများ ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကို တိုင်းရင်းသား အားလုံး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းပါဝင်ပြီး စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့် တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ ချစ်ကြည်လေးစားခြင်းနှင့် ရိုင်းပင်ကူညီခြင်းတို့ တိုးတက်ဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို အထောက်အကူပြုစေရန်အတွက် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ် ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင် စုစိတ်ဓာတ်ကို တိုးတက်ခိုင်မာစေမည် ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အတွက်ကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုလည်း အဖက်ဖက်မှ ကူညီပံ့ပိုး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ၊ ထို့အပြင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထူးအ‌လေးထား ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့် အတူ ပူးပေါင်းလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ပါ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

          ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားများအရေးအတွက် ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း၍ ဦးစီးဌာနများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေ များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ တည်ရှိမှုအခြေအနေများနှင့် စာပေ ယဉ်ကျေးမှု အသင်းအဖွဲ့များအလိုက် တင်ပြထားသည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ပြည်နယ်အတွင်းမှ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ် စု (၅)မျိုး၊ ဗမာ၊ ရခိုင်နှင့် ကရင်မျိုးနွယ်စုများ၏ စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများစာပေနှင့်ယဉ်ကျေးမှုအသင်း တို့အတွက် အသင်းအဖွဲ့တစ်ခုလျှင် ငွေကျပ် (၁၀)သိန်း စီနှင့် သစ်သီးခြင်းလက်ဆောင်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးနော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

        ယင်းနောက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များက စာပေ ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ခန့်ထားရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်တို့ နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။