MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရား စေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ရဟန်း ရှင်လူပြည်သူများက ကန့်ကွက်ရှုံ့ချလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၉

Tuesday, January 9, 2024 - 14:45

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏‌ မြောက် ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက် သောင်းကျန်းသူများက သံတူဖြင့်ထု၍ စေတီအား ဖြိုချဖျက်ဆီးနေသည့် ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များ လူမှုကွန်ယက်စာမျက်နှာများပေါ်၌ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့လျက်ရှိ သည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိရသည်။

အဆိုပါ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာသည် ဗုဒ္ဓဘာသာဝင်များ အများစု နေထိုင်လျက်ရှိပြီး ကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းလည်း တည်ရှိသည့်ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရှိရသည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံမြို့နယ်များအတွင်း တိုက်ပွဲများ ဖော်ဆောင်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာမှ ယခုအခါ ဗုဒ္ဓဘာသာဝင် များအထွဋ်အမြတ်ထားရာ ဘုရားစေတီများကို ဖြိုချဖျက်ဆီး ခြင်းများပြုလုပ်၍ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ သည်ကို တွေ့ရှိရသည်။

MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသတစ်လျှောက်တွင်ရှိသည့် စစ်ရေးနှင့် မသက်ဆိုင် သော ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးလျက်ရှိ သဖြင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။