နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏အမာခံဖြစ်သကဲ့သို့

Saturday, January 6, 2024 - 15:15

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လို

နေပြည်တော်၊ ဇန်နဝါရီ - ၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကို မဖြစ်မနေထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ်ပြော ကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း မှားယွင်းမှုများမှာ မည်သို့မျှလက်ခံ၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကိုထမ်း ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

          မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက် ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များပြန်လည် လွှဲပြောင်း ပေးအပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရဖြစ်ပေါ် လာသည့်ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်း လာမှု များကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏စီးပွား ရေးမှာလည်း ကျဆင်းလျက်ရှိသည့်အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ်  - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို မိမိကိုယ်တိုင် ဦးစီး၍ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင် လာခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့နေရာများတွင်  တိုက်ပွဲများဖြစ်ပွားလျက်ရှိ ဆဲပင်ဖြစ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူလူထု၏အားများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်” ဟူ၍ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့ သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ကြောင်း။

          လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံ ယုံကြည်သည့်သူများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံ တော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိသည်မှာ ၇၆ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိလွတ်လပ်ရေးရရှိသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှု ရှိသည့်နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် နိုင်ငံများလည်းရှိ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများ အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်း မှုရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန်အတွက် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံ ရေး စနစ်ဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပေါ်လာသည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လည်းထိခိုက်ခဲ့ရကြောင်း၊ သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေး ပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင်ချမှတ် ဆောင်ရွက်ထားရန်လိုကြောင်း၊

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးမျှော်မှန်းချက်၊ အမျိုးသား ရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ချမှတ်၍ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုးတိုးတက်အောင် အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း ပါတီများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ကျောင်းနေအရွယ်များအားလုံး ပညာသင်နိုင်ရေး၊ အလုပ်လုပ်နိုင်သူများ အားလုံးအလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာသင်ကြားနိုင်သည့် အရွယ်တွင်ပညာသင်ကြားနိုင်မည်ဆိုပါက အသိပညာ၊ အတတ်ပညာများ တိုးတက် လာမည်ဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် နိုင်ငံအတွင်း ပညာသင်ကြားရမည့်အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လို ကြောင်း။

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ ဒေသ အလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ် ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့ အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင် စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး  အနည်းဆုံး ၁၀ နှစ်လျင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျင် မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လို ကြောင်း။

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူ စနစ်ဖြင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့များနှင့်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

          ရွေေးကောက်ပွဲအောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတား များ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာ ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသည်ဖြစ်သော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့်ရွေးကောက်ပွဲ တစ်ရပ် ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးသွားကြ ရန်လိုကြောင်း၊ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတော် ကောင်းရာ ကောင်းကျိုးအတွက် လိုအပ်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြု ကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MSME စီးပွား ရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး ပါတီများမှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင်ပါတီများမှ ပါဝင်အားဖြည့် ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ တိုင်းရင်းသားပြည်သူလူထု အားလုံး တိုင်းချစ်ပြည်ချစ်စိတ် များ တိုးတက်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်များ အနက် အချို့သောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ်ထွန်းကား ပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင်မာစွာဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေး ပါတီများကို အခွင့်အလမ်းများ ဖော်ဆောင်ခွင့်ပြုပေးစေလိုမှု၊ ဒေသအလိုက်စိုက်ပျိုး မွေးမြူ  ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေး စေလိုမှု၊ ပါတီရုံးများဖွင့်လှစ်ရာတွင် အခက်အခဲများရှိသည့်အတွက် နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးစေလိုမှု၊           သန်းခေါင်စာရင်းများမှန်ကန်စွာကောက်ယူနိုင်ရေး အတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ဆန္ဒမဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့်ရရှိရေး၊ အခွင့်အရေးဆုံးရှုံးမှု မရှိစေရေး နိုင်ငံတော်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု များကို အသီးသီးဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပါတီများကို မှတ်ပုံ တင် ခွင့်ပြုပေးခဲ့မှုအခြေအနေများ၊  သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့်အချို့ပါတီများကို ဖျက်သိမ်းခဲ့မှု အခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သတ်မှတ်ထားသည့် ဥပဒေသတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ဥပဒေသတ်မှတ် ချက်များပြည့်မီစေရေး ဆောင်ရွက်ရန်လိုအပ်မှုများကိုလည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က နိုင်ငံရေးပါတီများအပေါ် သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များအား ဖြေလျော့ပေးစေလိုမှု တင်ပြချက်များအပေါ် ဥပဒေ ပိုင်းဆိုင်ရာ သုံးသပ်ချက်များကိုလည်းကောင်း၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးစစ်အေးက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးရာတွင် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ အနည်းငယ်ပြောကြား လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့မှု မရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အောင်မြင်မှုရှိအောင် တွန်းအားပေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများရရှိခဲ့မှုမရှိသည့်အပြင် စီးပွားရေး အရ ပိတ်ဆို့အရေးယူမှု များစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှရရှိသည့်ငွေကြေးများဖြင့် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေ အများအပြားသုံးစွဲနေရ ကြောင်း၊ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေး ပြည်တွင်းရေနံချက်စက်ရုံများ စွမ်းအားပြည့် ပြန်လည် လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေ များကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ တင်ပြချက်များတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း များ လစာတိုးမြှင့်ပေးနိုင်ရေးအတွက် မိမိတို့နိုင်ငံ၏ ရငွေဘက်ဂျက်အပေါ်တွင် မူတည် ၍ မိမိတို့အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ ထောက်ပံ့ကြေးနှင့် ချီးမြှင့်ငွေများကို ဆောင်ရွက်ပေးထားကြောင်း၊

နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများကို ရေရှည်အတွက် စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီ တစ်ခုချင်းအလိုက် တင်ပြချက်များကို မိမိအနေဖြင့်  အလေးထား မှတ်သားထားရှိပြီး လုပ်ဆောင်ပေးနိုင်သည်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများ အားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တတ်နိုင်သရွေ့ညီညီ ညွတ်ညွတ်  ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင် စေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။