၂၀၂၄ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်း အနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို (၁)အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း ဆောင်ရွက်ရေး၊ (၂)ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင် ကြိုးပမ်းဆောင်ရွက်ရေး၊ (၃) ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ (၄) အကြမ်းဖက်ဖြစ်စဉ်များအားလုံး ချုပ်ငြိမ်ပြီးတည်ငြိမ် အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရေး၊ (၅) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံ သည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရေး ဟူသည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် အညီ အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်း ဖြစ်သည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ အလံတင် တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်သည်။
ထို့နောက် နံနက် ၆ နာရီတွင် ပြည်ထောင်စုအဆင့် ပုဂိ္ဂုလ်များ၊ ပြည်ထောင် စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဉက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိ လိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ဉက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည် ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်း သား၊ တိုင်းရင်းသူများ၊ မိဘပြည်သူများ သည် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပမည့် မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ဝင်ရောက်နေရာယူကြ သည်။
ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာ ယူကြသည်။
ထို့နောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက် လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။
ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။