ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ အားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရင်း ကိုယ့်ထီးကိုယ့်နန်းဟူသော အရိပ်အာဝါသအောက် တွင် ခံ့ညားထည်ဝါစွာ ရပ်တည်နေထိုင်ခဲ့ကြပါသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ကျယ်ပြန့်စွာ စိုးမိုးဗိုလ်ကျလာခဲ့သော ကိုလိုနီစနစ်ဆိုး ကြီးကြောင့် သယံဇာတ ပေါကြွယ်ဝသည့် မိမိတို့နိုင်ငံသည်လည်း ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် နယ်ချဲ့ဗြိတိသျှ တို့၏ ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲမှုဖြင့် မတရားကျူးကျော် သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး ၁၈၈၆ ခုနှစ်တွင် လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ရပါသည်။
ကိုယ့်ထီးကိုယ့်နန်းကို တန်ဖိုးထားသည့်စိတ်၊ ဖိနှိပ်ချုပ်ချယ်မှု အပေါ် မခံချင်စိတ်၊ နယ်ချဲ့ဗြိတိသျှနှင့်ဖက်ဆစ်များအပေါ် နာကြည်း စိတ်များကြောင့် ဖြစ်ပေါ်လာသော ပြည်ထောင်စုစိတ်ဓာတ်ကို အကြီးမားဆုံး ခွန်အား၊ စွမ်းအားအရှိဆုံးလက်နက်အဖြစ် အသုံးပြု ကာ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြ ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နေ နိုင်ခဲ့သည်မှာ ယခုအခါ (၇၆)နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။
တစ်ခဏတာအတွင်း ဆုံးရှုံးလိုက်ရသော လွတ်လပ်ရေးကို နှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေး များကို ရင်းနှီးပေးဆပ်၍ ပြန်လည်ကြိုးပမ်းရယူခဲ့ရပါသည်။ ရှေး ဘိုးဘွားများ၏ မျိုးချစ်စိတ်၊ နိုင်ငံတော်အတွက် ပေးဆပ်စွန့်လွှတ် ရဲသည့်စိတ်များကြောင့် လွတ်လပ်ရေးဟူသော အနှိုင်းမဲ့ဂုဏ်ဒြပ်နှင့် အတူ ပြည်ထောင်စုတစ်ခုကို ပိုင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံရေးနှင့် လူမျိုးရေးအရ အယူဝါဒကွဲပြားမှုများကြောင့်ပင် မြန်မာနိုင်ငံမှာ မုန်တိုင်းကြားမှပျိုးပင်ငယ်ပမာ ကာလများကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြန်ပါသည်။ ၎င်းပြည်တွင်းပဋိပက္ခ၏ အမြုတေမှာ နယ်ချဲ့တို့၏ နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော တိုင်းရင်းသားစည်လုံးညီညွတ်မှုအားနည်းခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စု ပြိုကွဲခြင်း၊ အချုပ်အခြာအာဏာဆုံးရှုံးခြင်းဆိုသည့် အခြေအနေများကို ခြိမ်းခြောက်လာသော အန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ခံစားခဲ့ရပြန်ပါသည်။
အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသား ပြည်သူများနှင့် တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့နေခြင်းသာ ဖြစ်ပါ သည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အဓိကမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လေးနက်စွာခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ် တစ်ခုပမာ ထင်ရှားစွာတည်ရှိနေပါသည်။ ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးမှ လေးနက်စွာလိုက်နာအကောင်အထည်ဖော် ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု များကို ယခင်အစိုးရအနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မ ရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်က ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်အဖြစ် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ချမှတ်ထားပါ သည်။ ထို့အတူ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးဟူသော အမျိုးသားရေး ရည်မှန်းချက် နှစ်ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်ရာတွင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသကို အခြေခံသည့်စနစ်ကို အဓိက ဦးတည် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ “ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင် အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိ ပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များနှင့် ပြည့်စုံရန် လိုအပ်သဖြင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာ ရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်” ပေးရမည် ဖြစ်ပါသည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာ တတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို အာမခံနိုင်မည် ဖြစ်ပါ သည်။ တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပြည်နယ်များရှိ ကျေးလက်ဒေသအချို့တွင် ဘာသာစကားအခက်အခဲများ၊ ပညာရေး အားပေးမှု နည်းပါးခြင်းများနှင့် အခြားသော စိန်ခေါ်မှုများကြောင့် ပညာရေး အားနည်းသည်ကို တွေ့ရှိရပါသည်။ထို့ကြောင့် ကျေးလက် နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူအားလုံး စာတတ်မြောက် ရန်နှင့် အတန်းပညာများ တတ်မြောက်ရန် မလွဲမသွေ ဆောင်ရွက် ပေးကြရမည်ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက် တွင် ယခင် “အ” သုံးလုံးကျေသင်တန်းကဲ့သို့ စာတတ်မြောက်ရေး လှုပ်ရှားမှုကို စေတနာရှင် ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဒေသခံပညာတတ်များ၊ ဒေသခံဝန်ထမ်းများက တိုင်းရင်းသား ဘာသာစကား သင်ကြားရေး အထောက်အကူပြု ဆရာ ဆရာမများ၏ အကူအညီရယူကာ နိုင်ငံတစ်ဝန်း အမျိုးသား ရေး လှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်ပါသည်။
ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်အောင် ဆရာ ဆရာမများက သင်ကြားပို့ချပေးရ မည်ဖြစ်ပြီး စာပေဖတ်ရှုလေ့လာမှုကို ဆက်လက်အားပေးရမည် ဖြစ်ပါသည်။ ဥပဒေအသိပညာ တတ်မြောက်သူများ၊ စီးပွားရေး အသိပညာ အခြေခံတတ်သိနားလည်သူများ ပေါများစေရေးနှင့် စီးပွားရေးပညာရှင်များ ပေါ်ထွန်းလာစေရေးတို့အတွက် တက္ကသိုလ် များတွင် ဥပဒေပညာနှင့် စီးပွားရေးပညာတို့ကို တိုးချဲ့သင်ကြား ပေးလျက်ရှိပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိ ပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေးကို ဦးတည်ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ပညာရည် မြင့်မားမှသာ ပိုင်းခြားဝေဖန်ဆန်းစစ်နိုင်သည့် အတွေးအခေါ်များ ရရှိမည်ဖြစ် သောကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပညာရည် တိုးတက် အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။ အနာဂတ် လူငယ်များ ကို မိမိတို့ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းတတ်စေရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့် အညီ ရင်ပေါင်တန်းနိုင်စေရေးတို့အတွက် ဗလငါးတန်နှင့် ပြည့်စုံ သော လူငယ်များဖြစ်စေရန် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား
မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေကြသူများ ဖြစ်ကြပြီး ကျေးလက်နေ လူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးနှင့် အသက်မွေးကြသူများ ဖြစ်ကြပါသည်။ အခြားကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးနှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်း များကို ဆောင်ရွက်နေကြပါသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တွင် ရေရရှိရေး၊ မြေဩဇာ/အစားအစာ၊ မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ်တို့ကို ကြိုးစားအားထုတ်မှုဖြင့် ပေါင်းစပ်လုပ်ကိုင် မည်ဆိုပါက အမျိုးသားရေး ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် စားရေ ရိက္ခာဖူလုံရေးကို စိုက်ပျိုးမွေးမြူရေးက ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်၍ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ် ပညာရှင်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါသည်။ လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရန် လိုအပ်သည့်အတွက် အလယ်တန်းပညာ ပြီးမြောက်သူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး ပညာရပ်များကို သင်ယူလေ့ကျင့်နိုင်ရန် ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ထားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၃၄ ကျောင်း ထပ်မံ ဖွင့်လှစ်ကာ ဆက်လက်၍လည်း တိုးချဲ့ဖွင့်လှစ်သွားရန် စီမံထားရှိပြီး ဖြစ်ပါသည်။ အဆိုပါကျောင်းများမှ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကျွမ်းကျင်သူများဖြစ်အောင် သင်ကြားလေ့ကျင့်ပေးကာ ထိုမှတစ် ဆင့် ဘာသာရပ်အလိုက် ထူးချွန်သူများအနေဖြင့် သိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက် သင်ကြားနိုင်မည် ဖြစ်ပါ သည်။ ထိုသို့ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ လူသားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ခြင်းမှ အဆင့်တက်ကာ ပြည်တွင်းလိုအပ်ချက် အခြေခံ လူသုံးကုန် ပစ္စည်းများကို ပြည်ပမှ ကုန်ချော တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း ကုန်ချော လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်လျက် ပြည်ပသို့ ကုန်ချော ပြန်လည်တင်ပို့သူ (Exporter) အဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)ကို အားပေးမြှင့်တင်ဆောင်ရွက်” ကာ အဆင့်မြင့် ကုန်ထုတ်လုပ်မှု နည်းပညာများကို လေ့လာဆည်းပူး၍ အရည်အသွေးကောင်းမွန် သော တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက် နိုင်ငံ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်တွင်း ပြည်ပ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲ ပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲ ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါသည်။ မဲဆန္ဒရှင် စာရင်းများ အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အချက်အလက်များ ရရှိစေရေးအတွက် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယင်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိလာပါက “ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်”သွားကြရမည် ဖြစ်ပါသည်။ စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော် တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျား
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး၏ သွေးစည်း ညီညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို မဏ္ဍိုင်ပြု၍ ချမှတ်ထားသော အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျကျ ကျင့်သုံးပြီး ဆက်လက်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားပါ မည်။
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင် အားလုံးက လေးနက်စွာခံယူ၍ သမိုင်းအစဉ်အလာကြီးမားသော အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်မှန်သောမျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်များဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲပါဝင်ကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။