နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန်ရှေးဟောင်းစေတီတော်  ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ - ၃

Wednesday, January 3, 2024 - 15:45

          ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန်ရှေးဟောင်းစေတီတော်  ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူး တော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူ ကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက် ရောက်ပူဇော်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်  နေပန်လပန် ရှေးဟောင်းစေတီတော် ပရိဝုဏ် တော်အတွင်းသို့ ရောက်ရှိပြီး မဟာမင်္ဂလာမဏ္ဍပ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး တို့ကို ကပ်လှူ ပူဇော် သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က ရတနာစိန်ဖူးတော်မြတ်အတွင်းသို့ ဌာပနာတော်များကို ထည့်သွင်းပူဇော်သည်။

 ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ် ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ဝတ္တုကံတော်အတွင်း၌ ပက်ဖျန်းကြဲဖြန့်ချည်နှောင် ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကို ပါဠိဆရာတော်ကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်ပူ ဇော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ် ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကို မင်္ဂလာ ဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့် လည်ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့် တို့ကို မင်္ဂလာအချိန်တွင် စေတီတော်အထွတ်၌ တင်လှူပူဇော်ကာ ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက နေပန်လပန်ရှေးဟောင်း စေတီ တော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဇနီးတို့သည် မင်္ဂလာမော်ကွန်းကမ္ပည်း ကျောက်စာတော်ကို အမွှေးနံ့သာရည် များပက်ဖျန်း ဖွင့်လှစ်၍ ရတနာရွှေခေါင်းလောင်းတော်ကို ထိုးခတ်ပူဇော်သည်။

အဆိုပါ နေပန်လပန်ရှေးဟောင်းစေတီတော်မြတ် ၄ ဆူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များ၏ ခန့်မှန်းချက် အရ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ခန့် ညောင်ရမ်းခေတ်တွင် တည်ထားခဲ့သော စေတီတော်ဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်ရှိ သုခရတနာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အာလောက ၏ ခမည်းတော်ဖြစ်သူနှင့် ဦးရီးတော် ဖြစ်သူတို့မှ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နေပန်လပန် ရှေးဟောင်းစေတီတော်မြတ် ၄ ဆူကို ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ အမှူးပြုသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင် မွမ်းမံတည်ထားပူဇော်ပြီးစီးခဲ့ပြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။