နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ  ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ  အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်  ဇန်နဝါရီ   ၂

Tuesday, January 2, 2024 - 15:00

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း  (C) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့်  ပိုက်ကျော်ခြင်း ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး  ဦးမျိုးလှိုင် က စတုတ္ထဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းအား ငွေသားဆု (၅) သိန်းကျပ်ကိုလည်းကောင်း၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် က တတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးရန်ကျော် က ဒုတိယဆု ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း က  ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

          အလားတူ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ  ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နှင့်  ဒေါက်တာမှုထန်၊  ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်  ဖူဆယ်ဘောလုံး  ဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  အသင်းနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသင်းတို့ အကြိတ် နယ် ယှဉ်ပြိုင်ကစားကြရာ  ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုနှင့်အတူ တစ်ဖက် ၃ ဂိုးစီ သရေကျရာ ပယ်နတီ အဆုံးအဖြတ်ခံယူကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  အသင်းကို ၉ ဂိုး ၈ ဂိုး ဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဦးမောင်မောင်ဝင်း  နှင့် ဦးဇင်မင်းထက် တို့က အကောင်းဆုံးဂိုးသမားဆု နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က စတုတ္ထဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းအား ငွေသားဆု (၅)သိန်းကျပ် ကိုလည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က  တတိယဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း  ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် က ဒုတိယ ဆုရရှိသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်း ဂုဏ်ပြု ဆုတံဆိပ် များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ က ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အသင်းအား တစ်ဦး ချင်း ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်အတူ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့် သည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင်  အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး)၊  ဘောလီဘောပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး)၊  ပိုက်ကျော်ခြင်းပြိုင်ပွဲ(အမျိုးသား)၊ ဖူဆယ်ပြိုင်ပွဲ(အမျိုးသား)၊ ထုပ်ဆီးတိုးပြို်ငပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ထည့်သွင်းကျင်းပလျက်ရှိပြီး  ဇန်နဝါရီ ၃ ရက်နေ့ တွင် ဗိုလ်လုပွဲစဉ်များအဖြစ် ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) နှင့် အမျိုးသားဘောလုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရ သည်။