လောက်ကိုင်တွင် တပ်မတော်မှ အဆိပ်သင့်ဓာတုဗုံးဖြင့်တိုက်ခိုက်သည် ဟု ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇန်နဝါရီလ ၂ ရက်

Tuesday, January 2, 2024 - 14:30

တပ်မတော်က လောက်ကိုင်ဒေသ၊ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သား ၁၀ ဦး အဆိပ်သင့်ပြီး ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရသည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ DVB နှင့် The Kokang Facebook တို့မှ အွန်လိုင်းမီဒီယာများတွင် မဟုတ်မမှန် ကောလာဟလ သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် တာရွှေထန်တွင် အဆိပ်သင့်ဓာတုဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ ခြင်းမရှိခဲ့ကြောင်း၊  လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ယခင်ကလည်း ထိုကဲ့သို့ သတင်းအမှားများဖြင့် ဝါဒဖြန့်တိုက်ခိုက်လေ့ရှိပြီး ယခုတွင်လည်း ထိုကဲ့သို့ မဟုတ်မမှန် သတင်းများကို အချိန်ကိုက်လုပ်ကြံဖန်တီးကာ ဝါဒဖြန့် ချီခြင်းသာဖြစ်ကြောင်း သိရှိရသည်။

လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ ထိခိုက်ကျဆုံးမှုများပြားလာသည့် အချိန်များတွင် အခြေအမြစ်မရှိသော ကောလာဟလသတင်းအမှားများ ထုတ်လွှင့်နေပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။