ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား စေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏ သီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
ရှေးဉီးစွာ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတု တော်ကြီးအားအစိတ်အပိုင်း(၄)ပိုင်းခွဲ၍တည်ဆောက်ထားသောဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်မှု မှတ်တမ်းဓာတ်ပုံများနှင့် အခြားလေ့လာသင့်သည်များကို လှည့်လည်ကြည့်ရှု ကြသည်။
ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာ ကြည့်ရှုကြသည်။
ယင်းနောက် ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဂေါပကအဖွဲ့ နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရား ကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်း စဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်းဆောင်ရွက် နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။
ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များ ကရုပ်ပွားတော်မြတ်ကြီး အောင် မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း ကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ဘုရားဖူး လာဂေါပကအဖွဲ့ဝင်များကိုယ်စား ဂေါပကအဖွဲ့ဝင်တစ်ဉီးက ယခုကဲ့သို့ ရုပ်ပွားတော် မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေး မှုများ နှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်း စဉ်အဆင့် ဆင့်ကိုအသေးစိတ် ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များသည် အလှူခံဌာန၌ ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပြီးဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသ နာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဉီများအား ဆက်လက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။