အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးတွေ ကျန်းမာရေးထိခိုက်တဲ့အထိ နှိပ်စက်ခံရပြီး ဆေးကုခွင့်လည်းမရ ဟု ကောလဟလ သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ရက်

Wednesday, December 27, 2023 - 15:00

မန္တလေး၊ အိုးဘိုထောင်တွင် နိုင်ငံရေးအမှုနှင့် ထောင်ကျနေသည့်အမျိုးသမီးများကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်တွင် ထမီရင်ရှားနှင့် ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်မှုကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံခန့် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရ ဟု လူမှုကွန်ကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရပါသည်။

              အဆိုပါသတင်းနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “အကျဉ်းထောင် ဝန်ထမ်းများအနေဖြင့် အကျဉ်းသား/သူ၊ အချုပ်သား/သူများ အပေါ်တွင် စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်း၊ မိုက်ရိုင်းစွာပြောဆိုဆက်ဆံခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်ခြင်းများမရှိဘဲ အကျဉ်းထောင် အက်ဥပဒေ၊ လက်စွဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီသာ စည်းကမ်းစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက် ရှိကြောင်း” သိရှိရပါသည်။

              တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင် များတွင် နေ့စဉ်သမားစဉ် လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းအပေါ် ပြည်သူအချို့မှ အကျဉ်းဦးစီးဌာနနှင့် အကျဉ်းထောင် ဝန်ထမ်းများအား အထင်အမြင် လွဲမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထိုးနှက်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။