ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်တွင် လယ်ယာစိုက်ပျိုးရေးချေးငွေ ကို ရဲစခန်းတွင် အတင်းအဓမ္မဆပ်ခိုင်းလို့ လယ်သမားများထိတ်လန့်နေကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဒီဇင်ဘာလ ၂၇ ရက်

Wednesday, December 27, 2023 - 15:00

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်တွင် လယ်ယာစိုက်ပျိုးရေး ချေးငွေများကို ရဲစခန်းတွင် အတင်းအဓမ္မဆပ်ခိုင်းလို့ လယ်သမားများထိတ်လန့်နေကြောင်း၊ ချေးငွေမဆပ်နိုင်တဲ့သူတွေကို တရားစွဲပြီး ဖမ်းဆီးအရေးယူခိုင်းနေကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် ကုန်ကျမှုများ အထောက်အကူပြုနိုင်ရန်အတွက် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထို့သို့ ထုတ်ချေးပေးရာတွင် ယခင်နှစ်ကြွေးကျန် ကျေပြီးမှသာ ချေးငွေအသစ်ထုတ်ချေးသည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး ကြွေးကျန်များ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများ နှင့်အညီ  အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များ အနေဖြင့် ကြွေးကျန်ချေးငွေများကောက်ခံရာတွင်လည်း စည်းရုံးကောက်ခံသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ချေးငွေပေးဆပ်ရန်ကျန်ရှိသည့် တောင်သူများ ကိုလည်း အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်း၊ ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက် များနှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့်တောင်သူများကိုလည်း ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရပါသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များကိုအခွင့်ကောင်းယူ၍ ဒေသခံတောင်သူလယ်သမားများ ကြောက်ရွံ့ထိတ်လန့် လာစေ ရန်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအပေါ် အထင်အမြင်လွဲမှားလာ စေရန် မဟုတ်မမှန် ကောလဟလသတင်းများကို လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။