တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ် နေပြည်တော်၊

Tuesday, December 26, 2023 - 16:00

                 တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

                 အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူ များ၏မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ်စာပေဌာနနှင့်လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

                 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း က  သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး နောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

                 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း သည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၈)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူ နန်းနွယ်နွယ်အေး၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသူ သီရိပါဝါ နှင့်စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ အိမွန်ကျော် တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

                 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း က မိန့်ခွန်းပြောကြားရာတွင် ဒီနေ့သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၂၁)နှင့် အမျိုးသမီး သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၈)တို့၏ သင်တန်းဆင်းသည့် နေ့ဖြစ်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက်လည်း ကာကွယ်ရေး စွမ်းအားစုတစ်ရပ် အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်ကြောင်း။

                 သင်တန်းကာလအတွင်းတွင် “သူရ၊ ပညာ၊ ကျွမ်းကျင်” ဆိုသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ စစ်ပညာနှင့် ဆေးဘက်ပညာရပ်များကို ကဏ္ဍအလိုက် နားလည်တတ်ကျွမ်းအောင် လေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သည် ယနေ့အပါအဝင် သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြားရေးဘွဲ့လွန် ဒီပလိုမာ ဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊​ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာ သိပ္ပံဘွဲ့ရရှိသူ စုစုပေါင်း ၅၄၂၄ ဦးကို “ကျွမ်းကျင်ကူညီ ဆေးစစ်သည်’’ များအဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကလည်း ကျရာနေရာ အသီးသီးတွင် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်ကြောင်း။

                 နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များသည် လုံလောက်သော အရည်အချင်းများနှင့် ပြည့်ဝနေရန်လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်  ဆရာဝန်များသာမက သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာကျွမ်းကျင်သူများသည်လည်း အရေးကြီးသော အင်အားစုကြီးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း။

                 ထို့အပြင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ၊  သင်ကြားသင်ယူမှုနည်းလမ်းများကို အမြဲမပြတ်လေ့လာပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ သင်ရိုးညွှန်းတမ်းအသစ်ကို ၂၀၁၆ ခုနှစ်က စတင်ပြီး ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ် စံချိန်စံညွှန်း များနှင့်အညီ သင်ရိုးညွှန်းတမ်းအသစ်ကို အတည်ပြုပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်က အစပြု၍ သင်ကြားပို့ချပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့သင်တန်းဆင်း သည့်သူများသည် သင်ရိုးညွှန်းတမ်းအသစ်နှင့် ပထမဦးဆုံး လေ့ကျင့်မွေးထုတ်ပေး လိုက်သည့်သူများပင် ဖြစ်ကြောင်း။

                 သူနာပြုနှင့် ဆေးဘက်ဆိုင်ရာအကူအညီ ပေးရေးလုပ်ငန်းစဉ်များသည် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပြီး တပ်မတော်၏ ကာကွယ်ရေး စွမ်းအားမြင့်မားစေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးလျက်ရှိ ကြောင်း၊ သူနာပြုတပ်ဖွဲ့ဝင်များသည် ပြုစုကုသမှုဆိုင်ရာ ညွှန်ကြားချက်အရ လူနာ တစ်ဦးချင်းစီကို လိုအပ်သောပြုစုမှုများပေးရသလို ဆေးကုသမှုတွင် အသုံးပြုရသည့် ဆေးပစ္စည်းကိရိယာများနှင့် စက်ပစ္စည်းများကို လုပ်ငန်းစဉ်မပျက် အမြဲအသုံးပြု နိုင်သည့် အခြေအနေတစ်ရပ်တွင် ရှိနေအောင် တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ပေးရ ကြောင်း၊ ထို့ကြောင့် သူနာပြုသင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်ရောက် ရှိသည့် အခါသင်ကြားပေးလိုက်သည့် သူနာပြုစုမှုနည်းစနစ်များ၊ ဆေးပစ္စည်းကိရိယာ ကိုင်တွယ်အသုံးပြုမှုများကို  ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန်  အမြဲသတိရှိရန် လိုအပ်သကဲ့ သို့ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် သူနာပြုနည်းစနစ်များနှင့် ဆေးဘက် ဆိုင်ရာ ပစ္စည်းကိရိယာများအကြောင်းကိုလည်း စဉ်ဆက်မပြတ် လေ့လာသွားကြရ မည်ဖြစ်ကြောင်း။

                 အခြေခံသူနာပြုကောင်း တစ်ဦးအတွက် အရေးကြီးဆုံးသည် သူနာပြု စိတ်ဓာတ် (The Sprit of Nursing) ခိုင်မာရှင်သန်နေရန်ပင် ဖြစ်ကြောင်း၊ အခြေခံ သူနာပြုစိတ်ဓာတ်ဖြစ်သည့် သနားကြင်နာတတ်မှု၊ ကိုယ်ချင်းစာတတ်မှု၊ ခံနိုင်ရည်ရှိမှု၊ ရိုးသားမှုနှင့် အနစ်နာခံတတ်မှုစသည့် အချက်များနှင့် ပြည့်စုံနေပါက မည်သည့်နေရာ ဒေသတွင် မည်သည့်တာဝန်ကိုမဆို ကျေပွန်အောင် ထမ်းဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ သူနာပြုကောင်းတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ အနေအထိုင် များသည် လူနာအတွက် ဝေဒနာတစ်ဝက် သက်သာစေခြင်းဖြစ်၍ မိတ်ဆွေကဲ့သို့ ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊  ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်း စသည့် သူနာပြုတစ်ယောက် ကျင့်ကြံနေထိုင်ရမည့် အချက်များနှင့်အညီ လိုက်နာကျင့်ကြံ သွားကြရန်လည်း လိုအပ်ကြောင်း၊ သူနာပြုလုပ်ငန်းသည် ကျန်းမာရေးကဏ္ဍအတွက် အခြေခံအကျဆုံးနှင့် အရေးပါဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ခြင်းကြောင့် မိမိတို့ထမ်းဆောင် နေရသည့် တာဝန်အပေါ်တွင် ပေါ့ပေါ့ဆဆသဘောမျိုး မထားပဲ “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ သူနာပြု ကျင့်ဝတ်နှင့် သူနာပြုစိတ်ထားများ ရှင်သန်ကိန်းအောင်းနေအောင် ပြုကျင့်နေထိုင် သွားကြရန် တိုက်တွန်းမှာ ကြားလိုကြောင်း။

                 ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ သင်တန်းသား၊ သင်တန်းသူများ သည်လည်း အမိတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာအသုံးချပြီး ဆေးရုံဆေးတပ်ဖွဲ့များတွင် တာဝန်အသီးသီးကို ထမ်းဆောင် သွားကြရတော့မည် ဖြစ်ကြောင်း၊  ဆေးဝါးကျွမ်းကျင်သူများအနေနှင့် လူသားတို့၏ ကျန်းမာရေးအတွက် အသုံးဝင်နိုင်သည့် သစ်ပင်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုများ၏ မည်သည့်အစိတ်အပိုင်းများက အသုံးဝင်နိုင်ကြောင်းကို လေ့လာနေကြရမည်ဖြစ် ကြောင်း၊ နွယ်မြက်သစ်ပင်များ၏ သဘာဝပစ္စည်း၊ ဓာတ်ပစ္စည်း၊ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများကတစ်ဆင့် ဆေးဝါးဆိုင်ရာ အာနိသင်များကို လူသားတို့ အသုံးပြု နိုင်ရန် ရှာဖွေဖော်စပ်နေကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ဖော်စပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများ အကြောင်းကို နားလည်ရမည့်အပြင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ရန်လည်း လိုအပ်ကြောင်း၊ ဆေးဝါးများကိုထိန်းသိမ်းခြင်း၊ လူနာ လက်ဝယ်သို့ မပျက်မစီးမှန်မှန်ကန်ကန် ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းတို့သည် လည်း ဆေးဝါးကျွမ်းကျင်သူများ လုပ်ငန်းတာဝန်များပင် ဖြစ်ကြောင်း။

                 အနောက်တိုင်း ဆေးပညာပိုင်းတွင်သာမက တိုင်းရင်းဆေးပညာရပ်ပိုင်း တွင်လည်း ကျွမ်းဝင်နှံ့စပ်သူများ ဖြစ်အောင် ကျင့်ကြံအားထုတ်ပြီး တပ်မတော်သား မိသားစုများနှင့် ပြည်သူလူထုအပေါ် ကျန်းမာရေး အသိပညာဖြန့်ဝေပေးခြင်း၊ ဆေး အကာအကွယ်ပေးခြင်း စသည့်ပြုစုကုသခြင်းများနှင့် အလုပ်အကျွေးပြု စောင့်ရှောက် သွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် ဆေးဝါးနှင့်အထောက်အကူပြုပစ္စည်းကိရိယာ များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ နေရာတကျ အသုံးပြုတတ်ကြရမည် ဖြစ်သကဲ့သို့ အချိန်အခါနှင့် နေရာဒေသပေါ် မူတည်ပြီး တိုင်းရင်းဆေးပညာရပ်နှင့် ခေတ်သစ်ဆေး ပညာရပ်များကို လိုက်လျောညီထွေဖြစ်အောင် တွဲဖက်အသုံးပြုတတ်ရန် လိုကြောင်း၊ သို့မှသာ “ကျန်းမာ၊ ကြံ့ခိုင်၊ တိုက်နိုင်ရန်” ဆိုသည့် ဆေးဝန်ထမ်း တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်ကို စွမ်းဆောင်ရည် ပြည့်ဝစွာ ထမ်းရွက်သယ်ပိုးနိုင်သည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်ကောင်းများအဖြစ် မှတ်တမ်းကောင်း ရေးထိုးနိုင်ကြမည်ဖြစ် ကြောင်း။

                 အခြားဆေးဘက်ဆိုင်ရာ ပညာရှင်ဖြစ်သည့် ဓာတ်ခွဲနည်းပညာ ကျွမ်းကျင် သူများ၊ ဓာတ်မှန်ပုံရိပ် ဖော်ကျွမ်းကျင်သူများ၊ ခန္ဓာသန်စွမ်းမှု နည်းပညာ ကျွမ်းကျင် သူများအနေဖြင့်လည်း မိမိတို့အထူးပြု ကျွမ်းကျင်ဘာသာရပ်အလိုက် လူနာများအပေါ် ကုသမှုပေးရာတွင် မှန်ကန်ထိရောက်မှုရှိသည့် စစ်ဆေးဖော်ထုတ်မှုများနှင့် ကောင်းမွန် ပြည့်စုံသည့် ကျန်းမာရေး ပြုစုစောင့်ရှောက်ကုသမှုများ ပေးနိုင်ရန်အတွက် စဉ်ဆက် မပြတ် လေ့လာဆည်းပူးနေရမည် ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့တတ်ကျွမ်းထားသည့် အထူးပြုဘာသာရပ်အလိုက် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရ မည့်အပြင် လူနာများ၏ ကောင်းကျိုးအတွက် အခြားသောဆေးပညာရပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ  ပြီးပြည့်စုံသည့် ကုသမှုများ ပေးသွားကြရန်လိုအပ်ကြောင်း။       တာဝန်ကျရာနယ်မြေ ဒေသအသီးသီးကို ရောက်ရှိသွားချိန်တွင် တပ်မတော် သားများနှင့် မိသားစုဝင်များကိုသာမက ဒေသတွင်း ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် ခေတ်နှင့်အညီပြောင်းလဲနေသည့် ဆေးပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်ဖြစ်သည့် ပြုစုကုသရေး၊ ရောဂါရှာဖွေရေး၊ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင်ပေးရေး နှင့် ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်များကို မေတ္တာစေတနာ အရင်းခံပြီး နိုင်ငံ့သား ကောင်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များပီပီ ကျောသား၊ ရင်သားမခွဲခြားပဲ စိတ်ကောင်း စေတနာကောင်းများဖြင့် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

                 ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အပြင် လွတ်လပ်ရေးရပြီးကာလမှ ယနေ့အချိန်ထိ တိုင်းပြည်တာဝန်ကို ကျရာအခန်းကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပါအဝင် တပ်မတော် သားများနှင့် မိသားစုဝင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးသည့်အခါ သာမန် အချိန်များ၌သာမက သဘာဝဘေးအန္တရာယ်ကျရောက်သည့် အချိန်များတွင်ပါ ရှေ့တန်းက ပါဝင်ခဲ့ကြကြောင်း၊ တပ်မတော် စစ်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့်အပြင် နယ်လှည့် ဆေးကုသမှုလုပ်ငန်းများကိုလည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နယ်လှည့်အထူးဆေးကုသအဖွဲ့ များသာမက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင် နယ်မြေခံဆေးကုသရေးအဖွဲ့ များ ဖွဲ့စည်းကာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများကို ကျန်းမာရေးပြုစု စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

                 ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ထမ်းဆောင် ကြရသည့် အဓိကတာဝန်သည် သူတစ်ပါးအသက်ကို အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ် ခြင်းကြောင့် မွန်မြတ်ဖြူစင်ပြီး ထူးကဲသည့် ကုသိုလ်အကျိုးကိုရရှိစေသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုပင်ဖြစ်ကြောင်း၊  စောင့်ရှောက်ကုသရမည့် လူနာများနှင့် ပတ်သက်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တိုင်း  ပြုကျင့်ကြရမည့် ကျင့်ဝတ်၊ ရည်မှန်းချက်၊ တာဝန်များနှင့်အညီ ပြုစုကုသမှုပေးခြင်းသည် ဆေးဝန်ထမ်းကောင်း တစ်ဦး၏ စံပြလုပ်ရပ်ကို ဖော်ထုတ်ပြသခြင်း ဖြစ်သကဲ့သို့ တပ်မတော်၏ အစဉ်အလာ ပြယုဂ်ကို ဖော်ညွှန်းမြှင့်တင်ပေးခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် သူနာပြုအဓိဋ္ဌာန် များနှင့်အညီ ကတိ သစ္စာပြုထားသည့်အတိုင်း ပြုမူကျင့်ကြံ နေထိုင်ပြီး ဆေးဝန်ထမ်း တပ်ဖွဲ့၏ ဂုဏ်ဒြပ်နှင့် တပ်မတော်အစဉ်အလာကို မြှင့်တင်နိုင်သည့် တပ်မတော် သူနာပြုကောင်းများအဖြစ် မှတ်တမ်းရေးထိုးသွားကြရန် တိုက်တွန်း မှာကြားလို ကြောင်း။

                 နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို  ထမ်းဆောင်နေစဉ် ကာလအတွင်းတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်ကို လည်း ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။ ထိုသို့ ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသား အချင်းချင်းသွေးမကွဲဘဲ ပြည်ထောင်စုစိတ်ဓာတ်နှင့် တစ်ဦးကိုတစ်ဦး  ရိုင်းပင်းကူညီပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်အောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည် ပကတိအရှိတရားအရ ပြည်ထောင်စုစနစ်နှင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျသကဲ့သို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရန်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည် လည်း အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးဖြစ်ကြောင်း။

                 တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း ဖြစ်သကဲ့သို့ တပ်မတော် သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် ပြည်သူလူထု၏အားကို အရင်းတည်ပြီး စုစည်း ညီညွတ်သည့် အားနှင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ် ကြောင်း၊ ထိုသို့ကာကွယ်စောင့်ရှောက်ရာတွင်လည်း သမိုင်းပေးသင်ခန်းစာများအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးကို ပြည်ထောင်စုစိတ်ဓာတ် နှင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး မပြိုကွဲရအောင် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ အတွေးအခေါ်၊ အသိအမြင်၊ ယုံကြည်ချက်၊ ခံယူချက်များသည် ပြည်ထောင်စု စိတ်ဓာတ်အပေါ်တွင် အခြေခံနေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ကျရာ ဒေသအသီးသီးတွင် တိုင်းရင်းသားပြည်သူများနှင့် ထိတွေ့ ဆက်ဆံသည့်အခါ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အလေးထား စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

                 တပ်မတော်၏ အသက်သွေးကြောသည်  စည်းကမ်းပင် ဖြစ်ကြောင်း၊ တပ်မတော်သားများသည် အမိန့်နှင့်စည်းကမ်းကို မဏ္ဍိုင်ပြုထားသည့် တပ်မတော်၏ ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် နေထိုင်ရသည့်သူများ ဖြစ်သည့်အတွက် ထုတ်ပြန်ထား သည့် အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာနေကြရန်လိုကြောင်း၊ ထို့အပြင် တပ်မတော်သားများ ကျင့်ကြံလုပ်ဆောင်ရမည့် စစ်သည်တော်ကျင့်ဝတ်များကိုလည်း ခါးဝတ် ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်း လိုက်နာသွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ စည်းကမ်းကောင်းမွန်ပြီး ကိုယ်ကျင့်တရားပြည့်ဝသည့် စစ်သည်တော်ကောင်းများ ဖြစ်လာမည်ဖြစ်ပြီး တပ်မတော်သည်လည်း စည်းကမ်းပြည့်ဝသည့် ပြည်သူများက ယုံကြည်ကိုးစားရသော တပ်မတော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း။

                 ထို့အပြင် တပ်မတော်သား ဘဝကို မိမိတို့သဘောဆန္ဒအလျောက် ခံယူခဲ့ပြီး ဖြစ်ခြင်းကြောင့် "ရဲဘော် အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ် တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်၏" ဆိုသည့် ရဲဘော်ရဲဘက်စိတ်ကို အခြေခံပြီး ပေးအပ်လာသည့် မည်သည့်တာဝန်မျိုးကိုမဆို ကိုယ်ချင်းစာစိတ်ထားရှိကာ အေးအတူ ပူအမျှ ကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာနှင့် နယ်ဘက်ဆိုင်ရာ ဥပဒေများကိုလည်း လေးစားလိုက်နာပြီး ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များ ဖြစ်သည်နှင့်အညီ ဆေးဘက်ဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့် ကျင့်ဝတ်သိက္ခာများ ကိုပါ စောင့်ထိန်း လိုက်နာသွားရန်လိုကြောင်း။

                 စစ်သည်တော်ကောင်းတစ်ဦး ဖြစ်လာစေရန်အတွက် အရေးအကြီးဆုံး အချက်သည် စစ်ရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည် ဆိုသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေအောင် စစ်သည်တစ်ဦးချင်းစီက ဖြည့်ဆည်းလေ့ကျင့်နေရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်သုံးရပ်ထက်မြက်ပြီး အခြေခံအရည်အချင်း ငါးပါးနှင့် ပြည့်စုံအောင် နေထိုင်ပြုမူကျင့်ကြံကာ သူနာပြုများ ခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြု ကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်းလိုက်နာသွားကြမည်ဆိုပါက နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် သူနာပြုနှင့် ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူ စစ်သည်တော်ကောင်း များဖြစ်လာမည်ဖြစ်ကြောင်း။

                 စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဂုဏ်နှင့် တပ်မတော်၏ အစဉ်အလာကို စောင့်ထိန်းမြှင့်တင်နိုင်သည့် သူနာပြုကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် ၊                  “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆောင်ပုဒ်ကို နှလုံးသွင်းပြီး သူနာပြုကောင်းတစ်ဦးတွင် ရှိရမည့် ကျင့်ဝတ်၊ အရည်အချင်းနှင့် သူနာပြုစိတ်ဓာတ် ပြည့်ဝထက်သန်သူများ ဖြစ်အောင် တည်ဆောက် သွားကြရန်၊   ထက်မြက်သည့် သူနာပြုနှင့် ဆေးဘက်ပညာ ကျွမ်းကျင်သူများ ဖြစ်စေ ရေးအတွက် ခေတ်မီသူနာပြုသိပ္ပံနှင့် ဆေးဘက်ပညာရပ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု များကို မျက်ခြည်မပြတ် လေ့လာဆည်းပူးသွား ကြရန်၊တာဝန်ကျရာဒေသ အသီးသီးရှိ တိုင်းရင်းသားပြည်သူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးအတွက် အလေးထား စည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။  

                 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်း သည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်း အနား အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာ တက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသူများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

                 ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်း ဆင်းသူနာပြုများ၊  ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

                 ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီး ဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

                 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျောင်း ဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။