နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနား တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၂၆
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန် အသီးသီး ၏ စီမံခန့်ခွဲမှုကော်မ တီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများ တက် ရောက်ကြသည်။
ဦးစွာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိ သည့် အိမ်နီးချင်းများဖြစ်ကြပြီး ရာစုနှစ်ပေါင်းများစွာကတည်းက အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိကြောင်း၊ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ်ပေါင်း(၇၀) ကျော်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး ချစ်ကြည်ရေးလည်း ပိုမိုခိုင်မာလာခဲ့ကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် စီးပွားရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုတိုးတက်လာပါကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) သည် ကီလိုမီတာ (၁၇၀၀) ရှည်လျားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကိုဖြတ်ကာ အနောက်ဘက်ပင်လယ်ရေ ကြောင်းထွက်ပေါက်ဖြစ်သည့် ကျောက်ဖြူမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် စီမံကိန်း တစ်ခုဖြစ်ပါကြောင်း။
ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင် တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့်နေရာတစ်ခု ဖြစ်ကြောင်း၊ ယခုကဲ့သို့ တန်ဖိုးရှိပြီး စီးပွားရေးအခွင့်အလမ်းများစွာ ရှိနေခြင်းကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်အနေဖြင့် ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်း အတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Shareholders’ Agreement) နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ပါကြောင်း။
သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံနှံ့ခဲ့ခြင်း၊ မြန်မာဘက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် CITIC ဘက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေရခြင်းတို့ကြောင့် စီမံကိန်း စတင်အကောင် အထည်ဖော်နိုင်ရေး ၂ နှစ်ကျော် နှောင့်နှေးနေခဲ့သည်ကို တွေ့ရပါကြောင်း။
ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့မှာ သဘောတူလက်မှတ်ရေးထိုးရခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကြီးမှ မြန်မာနိုင်ငံအတွက် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက် အကူပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မှာလည်း ဖြစ်ကြောင်း၊ ကျောက်ဖြူစီမံကိန်းကြီးမှ တစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက်သာစေမှာဖြစ်ကြောင်း။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင်ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှု ဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက် ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင်အကောင် အထည် ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိမည်ဖြစ်ကြောင်း၊ စီမံကိန်းကို အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကဏ္ဍပေါင်း စုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံပြည်သူများ အကြား ကုန်သွယ်၊ စီးပွားဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာစွာဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ကြရန် ဆန္ဒပြုကြောင်းပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးနှင့် ဦးအောင်နိုင်ဦး၊ CITIC Group ဥက္ကဋ္ဌ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံတို့က ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ၊ Mr. Liang Chuanxin တို့က လက်မှတ် ရေးထိုး ကြသည်။
ဆက်လက်၍ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးနှင့် Mr. Liang Chuanxin တို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကြပြီး လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။