မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာ အကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆)အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာ ရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည် ကြား ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ သွားရောက်ကာ နယ်မြေလုံခြုံရေးနှင့်မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လမ်းပိုင်းအား စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အစုန်လမ်းအားပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အမှတ်(၅)အဆန်လူစီးအမြန်ရထားသည် မြစ်သား ဘူတာမှ နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း၊ ဘူတာ၌ ရပ်တန့် ထားရမှုကြောင့် ရထားစီးခရီးသည်များ ခေတ္တအချိန်ကြန့်ကြာမှု ကြုံတွေ့ခဲ့ရကြောင်းနှင့် လမ်းပိုင်းပျက်စီးမှုကို အချိန်နှင့်တပြေးညီ ပြန်လည်ပြုပြင်ပြီး ရထားခရီးစဉ်များပုံမှန် ပြေးဆွဲပေး လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း(၄၆)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြ ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထား ရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့်ခရီးသည်များ၊ ကုန်စည်များထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့်ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သမားများ ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။