မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည် ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူ များက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူ အားလုံး တို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက် ကုသ နေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လည်ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ထားဝယ်မြို့တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် လှိုင်မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့နယ်(၁၇)မြို့နယ်တို့၌လည်းကောင်း ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံ၊ ဆေးခန်းများရှိ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန် စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ဆေးရုံးဝန်း အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် ခြင်၊ ယင် ပိုးမွှားများ ပေါက်ဖွားမှုမရှိစေရန် ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။