နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ - ၁၅

Friday, December 15, 2023 - 15:30

            နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသား များအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။

          ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၉၀ ဦး ၊ အမျိုးသမီး ၇၁ ဦး၊ စုစုပေါင်း ၃၆၁ ဦး ကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၆၈၅ ဦး၊ အမျိုးသမီး ၁၃၆၃ ဦး၊ စုစုပေါင်း ၁၂၀၄၈ ဦး ဖော်ထုတ်ရရှိခဲ့၍ ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

          နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိ သည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။