ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

Friday, December 15, 2023 - 15:30

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး နှင့် ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း တို့တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်အစည်းအဝေး (၂/၂၀၂၃)တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု များကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးရန်ဖြစ်ပါကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြ၍ အတည်ပြုပြဋ္ဌာန်းမည် ဖြစ်ပါကြောင်း။

ဖြည့်စွက်ခွင့်ပြုငွေများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်သည့် အတွက် ဖြည့်စွက်ခွင့်ပြုငွေ သုံးစွဲနိုင်သည့်ကာလမှာ (၄)လခန့်သာရှိသည်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေများကို များစွာလျာထားတောင်းခံထားပြီး မသုံးစွဲနိုင်သဖြင့် ပြန်လည်အပ်နှံခြင်းများ မဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ဘတ်ဂျက် တောင်းခံသုံးစွဲမှုများနှင့်စပ်လျဉ်းပြီး အလေးထားစစ်ဆေးကြပ်မတ်ရန်လိုအပ်ပါကြောင်း။

ထို့ပြင် နိုင်ငံခြားသုံးငွေဖြင့်သုံးစွဲရမည့် အသုံးစရိတ်များအတွက် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရာတွင် ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံလိုအပ်ပြီး နိုင်ငံခြားငွေ ဖြင့်သာ မဖြစ်မနေပေးချေရမည့် အသုံးစရိတ်များ၊ ပြည်တွင်း၌ ဝယ်ယူ၍မရနိုင်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းရမည့် ပစ္စည်းများအတွက်လိုအပ်သည့် အသုံးစရိတ်များ ကိုသာ တောင်းခံရမည်ဖြစ်ပါကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ခွင့်ပြုပေးထားပြီးဖြစ်သည့်အတွက် အဆိုပါရန်ပုံငွေ များကို အကျိုးရှိထိရောက်စွာအသုံးချဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ဒေသများတွင် ဝင်ငွေတိုးတက်ရရှိ စေရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အလေးထားပြီး အားပေးမြှင့်တင် ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများမှ ထုတ်ကုန်တိုးတက်ရရှိရေး၊ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေ ရေးနှင့် ဝင်ငွေတိုးတက် ရရှိစေရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ငွေဖြင့် အခွန်ဝေစုခွဲဝေပေးမှုများအပေါ်မှီခိုမနေဘဲဝင်ငွေရရှိနိုင်မည့် နည်းလမ်း များကိုလည်း ရှာဖွေကြိုးပမ်း ဆောင်ရွက်ကြရန် အလေးထားပြောကြားလိုပါကြောင်း။

ထို့ပြင် စားရေရိက္ခာဖူလုံစေရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍသာမက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့အပြင် အခြားကဏ္ဍများတွင်လည်း နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်ကျခံသုံးစွဲပေး လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်များကို အကျိုးရှိရှိအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်ယခုအခါ နိုင်ငံတော်ဘတ်ဂျက်ကို စနစ်တကျစိစစ်ရန်၊ သုံးစွဲရန်အတွက် “ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေ စာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ ” ကို ဖွဲ့စည်းပေးခဲ့ပြီး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို သက်ဆိုင်ရာ ဒေသနှင့် ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် လုပ်ငန်းများ အတွက် ထိရောက်စွာ သုံးစွဲကြစေလိုပါကြောင်း၊ ထို့ပြင် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ထားသည့်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးနှင့် အသုံးစရိတ်များ အလေအလွင့်မရှိစေရေး စီမံဆောင်ရွက် ကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က  ပြည့်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စိစစ်ရာတွင် သာမန်အသုံးစိရတ်အပိုင်းတွင် အဓိကအားဖြင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း ကွာခြားချက်ကြောင့် လိုအပ်လာသည့် အသုံးစရိတ်များ၊ နိုင်ငံတော် သို့ ထပ်မံပေးဆောင်ရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ များအတွက် တောင်းခံသည့် အတိုင်းခွင့်ပြုခဲ့ပြီး မဖြစ်မနေ ပေးချေရန် ထပ်မံလိုအပ် သည့် နိုင်ငံ့ဝန်ထမ်းလစာစရိတ်၊ ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ အတိုးပေးငွေများကို စိစစ်ခွင့် ပြုခဲ့ပါကြောင်း။

မူလခွင့်ပြုငွေတွင်ပါဝင်ခြင်းမရှိသော်လည်း နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာ ချောင်ချိမှုကို အထောက်အကူဖြစ်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စ၍ ခွင့်ပြုထားသည့် အပိုထောက်ပံ့ကြေးအသုံးစရိတ်၊ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိ ခိုက်ပျက်စီးမှုများ အတွက် ပြန်လည်ထူထောင်ရေးအသုံးစရိတ်များ နှင့် အခြားလိုအပ် သည့် အသုံးစရိတ်များ၊ ၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ်တွင် အသစ်တိုးချဲ့ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၃၄ ကျောင်းတွင် RCC (၁)ထပ် (၃၄) ဆောင် ဆောက်လုပ်ရန်အတွက် အသုံးစရိတ်များခွင့်ပြုပေးခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် အခွန်ဝေစု တို့ကိုလည်း ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက် ခွင့်ပြုငွေ စာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြု ထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေး ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကို လည်းကောင်း အကြံပြု ဆွေးနွေးတင်ပြသည်။

၎င်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက အသီးသီးတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘဏ္ဍာငွေများသုံးစွဲရာတွင် အမှန်တကယ် သုံးသင့်သုံးထိုက်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲရန် လိုကြောင်း၊ နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ သုံးစွဲရာတွင်အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်လို ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အခြားလက်ခံနိုင်သည့် အခက်အခဲများကြောင့် လုပ်ငန်းများဆောင်ရွက်နိုင်မှုမရှိခြင်းမှလွဲ၍ အခြားအကောင်အထည်မဖော်နိုင်သည့် လုပ်ငန်းများကို တာဝန်ရှိသူများအနေဖြင့် ပြန်လည်စိစစ်ရန်လိုကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် ပိုလျှံရန်ပုံငွေများကို တိုင်းပြည် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း သုံးငွေဖြင့် ဆောင်ရွက်၍ရသည့် လုပ်ငန်း များအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးဖွံ့ဖြိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း၊ ဘဏ္ဍာငွေ များသုံးစွဲရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်၍ အကျိုးရှိသည့် နေရာများတွင် အသုံးချရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဥပဒေအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအတွင်းမှ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်း များတွင် အကျိုးရှိစွာဖြင့် သုံးစွဲကြရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မိမိတို့လျာထားသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ၌ တိုင်းပြည်အကျိုးကိုရှေးရှုပြီး ဆောင် ရွက်ကြရန် မှာကြားလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ပြီး အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများတွင် ခေတ်မီ နည်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး အတွက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြစေလိုပါကြောင်း။

စားသုံးဆီများတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲရမှုများ ရှိနေခြင်း ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံအောင် ထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် နိုင်ငံခြား ငွေသုံးစွဲမှုလျှော့ချနိုင်ရန်ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သည့် စီးပွားရေးဦးတည်ချက် အမှတ်စဉ် (ဂ)အဖြစ် “ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဟု ချမှတ်ဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

အလားတူ စက်သုံးဆီများ ပြည်ပမှတင်သွင်းခြင်းကိုလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကဏ္ဍအနေ ဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုများကို အထူးစိစစ်ပြီး သုံးစွဲကြရန် လိုအပ်ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးစသည့် သဘာဝ ဘေးများကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည် မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ ကုန်ထုတ်လုပ်မှုလုပ်ငန်း များ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ကြရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော် ၏ စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပံ့ပိုး ကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးထား မှာကြားလိုကြောင်း။

ယခုခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် နိုင်ငံတော်က ခွဲဝေချ ထားပေးသည့် အသုံးစရိတ်များကို အလေအလွင့် မရှိစေဘဲ ထိထိရောက်ရောက်နှင့် အကျိုးရှိအောင်သုံးစွဲကြရန်၊ လျာထားသည့် ရငွေလျာထားချက်များအတိုင်း ရရှိအောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်၌ အရ အသုံး လျာထားချက်များနှင့် အနီးစပ်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် မိမိ တို့၏ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေး ကိုရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။