KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းခွဲဖျက်ဆီးထားခြင်း ကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးနှင့် ပိန်းဇလုပ်အကြား ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲ ၃ တွဲလမ်းချော်ကျမှု ဖြစ်ပွားခဲ့ပြီး ရထားလမ်းပိုင်းအား ဒီဇင်ဘာ ၁၃ ရက် နံနက် ၄ နာရီတွင် ခေတ္တပိတ်ထားခဲ့ရ ပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်းပြေးဆွဲနေသည့် လူစီးအမြန် ရထား(၄)စင်း၊ လူစီးကုန်တင် ရထား(၂)စင်းနှင့် ကုန်ရထား(၆)စင်းတို့ ပြေးဆွဲမှုရပ်နားခဲ့ရပြီး ရထားစီးခရီးသည်များအား မော်တော်ယာဉ်များဖြင့် စီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင်ပေး ခဲ့ပြီးဖြစ်ပါသည်။
ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးနှင့် ရထားခရီးစဉ်များ ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားတာဝန်ရှိသူများက စက်ခေါင်းနှင့်တွဲများအား ပြန်လည်မတင်ခြင်း၊ လမ်းပိုင်းပြုပြင်ခြင်းတို့ကို အချိန်နှင့်တပြေးညီ နေ့ရောညပါ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၁၂ နာရီ ၄၀ မိနစ်တွင် ရထားလမ်းပိုင်း အား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
လမ်းပိုင်းကြံ့ခိုင်မှုနှင့် လုံခြုံရေးများ စိစစ်ဆောင်ရွက်ပြီးနောက် ယနေ့ဒီဇင်ဘာ၁၅ရက်နေ့ ညနေပိုင်းမှစတင်၍ ရန်ကုန် ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်(၃) အဆန်၊ အမှတ်(၅) အဆန်နှင့် မန္တလေးဘူတာကြီးမှ ထွက်ခွာမည့် အမှတ်(၄)အစုန်၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားများ အပြင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ကုန်ရထားများနှင့် အခြားရထားခရီးစဉ်များ အား ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။