နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်      စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြာ

Friday, December 8, 2023 - 16:45

          စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ စည်သူ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား စစ်သံရုံးများမှစစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် စစ်တက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၆၅)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၇၄၃၊ ဗိုလ်လောင်း သူရိန်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၇၈၊ ဗိုလ်လောင်း ဟိန်းထက်အောင်၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၄၈၆၊ ဗိုလ်လောင်း ဇေလင်းမောင်၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၅၄၂၅၊ ဗိုလ်လောင်း ချမ်းငြိမ်းလွင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၇၃၈၊ ဗိုလ်လောင်း ဟန်ဘုန်းမြတ် တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် မျိုးဆက်သစ်ခေါင်းဆောင်ငယ်များ  ထပ်မံမွေးထုတ်ပေးနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်သောကြောင့်  တိုင်းပြည်နှင့် တပ်မတော် အတွက်  အားသစ်လောင်းသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ “နောင်တစ်ခေတ်၏အောင်စစ်သည်” ဟူသည့်ဆောင်ပုဒ်အတိုင်း  နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် လက်ရုံးရည် သာမကနှလုံးရည်ပါပြည့်ဝသည့်အရာရှိကောင်းများဖြစ်လာစေရန်အတွက် အမိစစ်တက္ကသိုလ် မှ သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို မိမိ၏အတွေ့အကြုံ၊  ဗဟု သုတများနှင့်ပေါင်းစပ်ပြီး  လက်တွေ့နယ်ပယ်တွင် ထိရောက်အောင်မြင်စွာ  အသုံးချရန် လိုသည်ကို မှာကြားလိုကြောင်း။

အမိစစ်တက္ကသိုလ်သည်  “သစ္စာ၊ သူရ၊ သိပ္ပ” ဆိုသည့်  ဆောင်ပုဒ်နှင့်အညီ  ပေးအပ်လာသည့်တာဝန်မှန်သမျှ  သစ္စာရှိရှိ  ထမ်းဆောင်နိုင်ရန်၊  နိုင်ငံတော်နှင့် တပ်မတော်အပေါ်  ကျရောက်လာမည့် ဘေးအန္တရာယ်ရန်စွယ်မှန်သမျှကို  သူရဆိုသည့် ရဲစွမ်းသတ္တိပြည့်စုံစွာဖြင့်  တိုက်ခိုက်ချေမှုန်းနိုင်ရန်၊  စစ်ခေါင်းဆောင်တစ်ဦး  သိသင့် သိထိုက်သည့် စစ်ပညာ၊  ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်ဆိုသည့်  သိပ္ပအတတ်ပညာများကို  တတ်မြောက်အောင်သင်ကြားလေ့ကျင့်ပေးပြီး  ခေါင်းဆောင်ငယ်များအဖြစ်  မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ နောင်တော်ကျောင်းဆင်းအရာရှိများသည်လည်း  ခေတ်အဆက် ဆက်တွင် နိုင်ငံတော်နှင့် တပ်မတော်၏တာဝန်များကို  အောင်မြင်အောင်  စွမ်းစွမ်း တမံ ထမ်းဆောင်ခဲ့ကြကြောင်း၊ လက်ရှိတွင်လည်း  နိုင်ငံတော်နှင့်တပ်မတော်၏ ကြီးမားသည့် တာဝန်များကို  ထမ်းဆောင်လျက်ရှိခြင်းကြောင့်  အမိစစ်တက္ကသိုလ်၏ ဂုဏ်ရောင်ထွန်း ပြောင်လျက်ရှိကြောင်း၊ ထို့ကြောင့်တပ်မတော်၏ဂုဏ်၊  အမိစစ်တက္ကသိုလ်၏ဂုဏ်ကို  ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်  ပေးအပ်လာသည့် တာဝန်များကို  ထမ်းဆောင်ရာ တွင် အထက်ကယုံကြည်အားကိုးပြီး  လက်အောက်က လေးစားရသည့် အရာရှိကောင်း များ ဖြစ်အောင်  ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။

မကြာမီ တပ်မတော်(ကြည်း၊ ရေ၊ လေ)  တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး၌ ခေါင်းဆောင် ငယ်များအဖြစ် လက်တွေ့တာဝန်ထမ်းဆောင်ကြရတော့မည့်သူများအနေဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို  သိရှိနားလည်ထားကြရန်အရေးကြီးကြောင်း၊ ခေါင်းဆောင်ဆိုသည်မှာ အကျင့်စာရိတ္တကောင်းရမည်၊  သမာသမတ် ရှိရမည်၊ လက်အောက်အပေါ်  စိတ်ကောင်း၊ စေတနာကောင်းရှိရမည့်အပြင်  ကိုယ်ချင်းစာစိတ်နှင့် ကွပ်ကဲအုပ်ချုပ်သွားကြရမည်ဖြစ် ကြောင်း၊  အကျင့်စာရိတ္တကောင်းမွန်မှသာ  လုပ်ဆောင်ပြုမူပြောဆိုချက်များ  အောင်မြင် လာမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာသည့်အပိုင်း၌  သဘောကောင်းခြင်းနှင့်စေတနာ ကောင်းခြင်းကို  ခွဲခြားသိမြင်နိုင်ရန်လိုပြီး  ရေတိုအလုပ်ဖြစ်စေရန် သဘောကောင်းသည် မျိုးမဟုတ်ဘဲ  ရေရှည်အကျိုးကိုကြည့်ပြီး  စေတနာထားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊  ကွပ်ကဲအုပ်ချုပ်မှုအောင်မြင်ရန်အတွက်လည်း မိမိအုပ်ချုပ်ရသည့်လက်အောက် ငယ်သားများကို  ကျောသားရင်သား မခွဲခြားဘဲ  ညီညွတ်မျှတစွာအုပ်ချုပ်သွားရမှာဖြစ် ကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်နေ သဘောထားနှင့် လုပ်ဆောင်နိုင်စွမ်းများ၊  အားသာ ချက်နှင့် အားနည်းချက်များကိုလည်း  သိရှိအောင်ဆောင်ရွက်ပြီး လူမှန်၊ နေရာမှန်တာဝန် ပေးအပ်နိုင်ရေး  လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း။

တပ်မတော်သားတိုင်းသည်  မည်သည့်လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေသည် ဖြစ်စေ စစ်တိုက်နိုင်ရမည်ဖြစ်သဖြင့်  နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုလည်း  ထမ်း ဆောင်နိုင်ရမည်ဖြစ်ခြင်းကြောင့် စစ်သားပီသစွာ နေထိုင်ကျင့်ကြံရန်လိုအပ်ကြောင်း၊  စစ်ရေးအသိ၊  စစ်ရေးသတိအမြဲရှိနေရမည်ဖြစ်သည့်အပြင်  သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို  ကျွမ်းကျင်နေရမည်ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို  လက်တွေ့နယ်ပယ်တွင်  မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ရန် အတွက်  လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့်  ဆောင်ပုဒ်အတိုင်း  ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်အသုံး အဆောင်နှင့် စစ်အတတ်ပညာများကို  အသုံးချနိုင်ရန်အတွက်  လေ့လာခြင်း၊  ကျန်းမာ ကြံ့ခိုင်ကျွမ်းကျင်နေရန်အတွက် လေ့ကျင့်ခြင်းနှင့် စစ်အခြေခံသဘောတရားများ၊  စစ်မြေပြင်စည်းကမ်းများကို  တိကျစွာ လိုက်နာကျင့်သုံးကြရန်လိုအပ်သည်ကို တိုက်တွန်း ပြောကြားလိုကြောင်း။

စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးနှင့်အသက်ဝိညာဉ်ဖြစ်သည့် အတွက်  စည်းကမ်းလိုက်နာမှုရှိပြီး  အမိန့်နာခံမှုရှိမှသာ  စစ်သားကောင်းတစ်ယောက်ပီသမည် ဖြစ်ကြောင်း၊  နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို  ထမ်းဆောင်ရာတွင်  အမိန့်နာခံမှုရှိခြင်းသည်  အလွန်အရေးကြီးသကဲ့သို့  စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်ကြောင်း၊  စည်းကမ်းကောင်းမွန်ခြင်းသည်လည်း  အမိန့်နာခံမှုရှိခြင်းပင်ဖြစ် ကြောင်း၊  မိမိတို့တပ်မတော်အတွင်း၌  စည်းကမ်းများချမှတ်ထားခြင်းသည်  စနစ်တကျ ရှိမှုနှင့်  စုစည်းညီညွတ်မှုရှိစေရန်ဖြစ်သကဲ့သို့ စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အသက် ပေး တာဝန်ထမ်းဆောင်ကြရသူများဖြစ်သည့်အတွက် အမိန့်နာခံမှုကောင်းပြီး  ပေးအပ် သည့် တာဝန်များကို  ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊  မလိုလားအပ်ဘဲ  အသက် အန္တရာယ်ထိခိုက်မှုများ မဖြစ်ပေါ်စေရေးတို့အတွက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်စည်းကမ်း ဆိုသည်မှာ အကြောင်းမဲ့တင်းကြပ်ထားခြင်း မဟုတ်သည်ကို    နားလည် သဘောပေါက် ထား ပြီး  စည်းကမ်းလိုက်နာခြင်းဖြင့်  မိမိကိုယ်ကို  မြှင့်တင်သွားရမည် ဖြစ်ကြောင်း။

ထို့အပြင်  တပ်မတော်သားများဖြစ်ရုံသာမက  နိုင်ငံသားတစ်ဦးလည်း ဖြစ်သည့် အတွက် တပ်မတော်ကချမှတ်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ အပါအဝင်  နိုင်ငံ တော်ကပြဋ္ဌာန်းထားသည့် ဥပဒေနှင့်စည်းကမ်းများကိုလည်း စံနမူနာပြလေးစား လိုက်နာကျင့်သုံးပြီး  လက်အောက်ငယ်သားများကိုပါ  လိုက်နာမှုရှိစေရေး  ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊  ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင် ရာတွင်  မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိအလုပ်  နိုင်ငံတော်နှင့်တပ်မတော်အပေါ်  သစ္စာရှိ ရန် မိမိကိုယ်တိုင်သာမက  နိုင်ငံတော်နှင့်တပ်မတော်အပေါ်  ယုံကြည်ချက်၊  ခံယူချက် မြင့်မားစွာထားရှိရန်လိုကြောင်း  အထူးအလေးအနက်ထား  မှာကြားလိုကြောင်း။

တပ်မတော်၏ မူလတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို  ထမ်းဆောင် ခြင်းဖြစ်ပြီး နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန်အတွက်စစ်ရေးစွမ်းရည်၊  စည်းရုံး ရေးစွမ်းရည်၊  အုပ်ချုပ်ရေးစွမ်းရည် ဟူသည့်  စွမ်းရည်သုံးရပ်နှင့်  ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ကြောင်း၊  စစ်ရေးစွမ်းရည်ထက်မြက်စေရန်အတွက်  စစ်အတတ်ပညာ များကို  အမြဲတမ်းလေ့လာလိုက်နာနေရန်လိုသကဲ့သို့ အုပ်ချုပ်ရေးစွမ်းရည် ထက်မြက် နေစေရန်အတွက်  အမိန့်နှင့်ညွှန်ကြားချက်များကို  အောင်မြင်အောင် ဆောင်ရွက်နိုင် ရန် စနစ်တကျစီမံကွပ်ကဲခြင်း၊  ဆင့်ကဲကွပ်ကဲကြပ်မတ်ခြင်းတို့ ဆောင်ရွက်သွားရမည်၊  အုပ်ချုပ်ရေးတွင်  ကိုယ်တိုင်လိုက်နာဆောင်ရွက်ရသကဲ့သို့ စီမံဆောင်ရွက်ပေးရခြင်း ရှိပြီး  နှစ်ပိုင်းလုံးကို  လိုက်နာကျင့်ကြံအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊  စွမ်းရည် သုံးရပ် သည်  တစ်ခုနှင့်တစ်ခုဆက်စပ်နေပြီး  အုပ်ချုပ်ရေးစွမ်းရည် ကောင်းမွန်သည်နှင့်အမျှ စစ်သည်များ၏ စိတ်ဓာတ်ကောင်းမွန်လာမည်ဖြစ်ပြီး စစ်ရေးစွမ်းရည် တိုးတက်မှုကို  ရှိစေမည်ဖြစ်သကဲ့သို့  စည်းရုံးရေးစွမ်းရည်ကို  ကောင်းမွန်လာစေမည် ပင်ဖြစ်ကြောင်း။

တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိပြီး တပ်မတော်၏အားကို  တပ်မတော် အတွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊  မိမိတို့တပ်မတော်သည်  တိုင်းပြည်၏  နေရာဒေသ အသီးသီးက  တိုင်းရင်းသားပြည်သူများ  စုစည်းနေထိုင်တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့် အတွက်  မိသားစုစိတ်ဓာတ်မွေးမြူပြီး  စည်းလုံးညီညွတ်မှုရှိကြရမည်ဖြစ်ပြီး စုပေါင်းအား သည် ထုကိုရရှိစေပြီးခိုင်မာမှုကို  ပိုမိုရရှိစေကြောင်း၊  တပ်မတော်သားများနှင့် မိသားစုဝင် များ၊  ပြည်သူများအားလုံး  စုပေါင်းအားနှင့်ရှိနေပါက  မည်သည့်အရာကိုမဆို  ရင်ဆိုင် အောင်မြင်နိုင်မည်ဖြစ်သည့်အတွက်  တပ်တွင်းစည်းရုံးရေးသာမက ပြည်သူအားလုံး၏ စုပေါင်းအားကိုရရှိစေရန်အတွက်  တပ်ပြင်စည်းရုံးရေးကိုလည်း  အလေးထား လုပ်ဆောင် သွား ရမည်ဖြစ်ကြောင်း။

စည်းရုံးရေးဆိုသည်မှာ  အချိန်နှင့်အမျှ လုပ်ဆောင်နေရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ် ပြီး  အရေးပေါ်မှ ထပြီးလုပ်ဆောင်၍ရသည့်  လုပ်ငန်းမျိုးမဟုတ်သည့်အတွက်  တစ်ကြိမ် တစ်ခါ ကောင်းဆောင်ရွက်ရုံဖြင့်  မရနိုင်သည်ကိုလည်း  သိရှိထားရမည်ဖြစ်ကြောင်း၊  စည်းရုံးရေးတွင်  လက်တွေ့မပါသည့် စည်းရုံးရေးနှင့်  လက်တွေ့ပါသည့်  စည်းရုံးရေးဟူ ၍ရှိပြီး  ပြုမူဆောင်ရွက်မှု  Behaviour အပေါ်တွင် မူတည်ခြင်း ဖြစ်သဖြင့်  ညင်သာ သိမ်မွေ့စွာ  ဆောင်ရွက်ရန်လိုသည့်အတွက်  တပ်မတော်စည်းရုံးရေးကော်မတီက  ချမှတ် ပေးထားသည့်  ရှေ့လုပ်ငန်းစဉ်များနှင့်အညီ  စဉ်ဆက်မပြတ်  ပီပီပြင်ပြင်ဆောင်ရွက် သွားကြရန်လိုကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေးကို  ဆောင်ရွက်ရာတွင်လည်း  တပ်မတော်သား တိုင်းလိုက်နာရမည့်  စစ်သည်တော်ကျင့်ဝတ်များကို တိတိကျကျလိုက်နာကျင့်ကြံသွား ကြမှသာ  တပ်တွင်းစည်းလုံးညီညွတ်မှု  ပိုမိုခိုင်မာအားကောင်းလာမည်ကို  သိရှိနားလည် ရန်လိုကြောင်း၊  တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်သောကြောင့် နိုင်ငံ တော်၏အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲရေး  ခိုင်မာသေချာစေရန် တပ်တွင်းစည်းလုံးညီညွတ်မှုကို  ကျစ်လျစ်သေချာစွာ  တည်ဆောက်သွားရန် အလေး အနက်ထား မှာကြားလိုကြောင်း။

တပ်ပြင်စည်းရုံးရေးဆောင်ရွက်ရာတွင်လည်း “ပြည်သူသာအမိ၊  ပြည်သူသာအဖ” ဟုသဘောထားပြီး  မိမိတာဝန်ထမ်းဆောင်ရသည့်  နယ်မြေဒေသများတွင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို   တစ်တပ်တစ်အားဆောင်ရွက်ပေးခြင်း၊  သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ရပါက  လူနည်းစု၊  တိုင်းရင်းသား၊  ဘာသာခွဲခြားမှုမရှိဘဲ  အချိန်နှင့်တစ်ပြေးညီ  ကူညီဆောင်ရွက်ပေးခြင်း၊  ပညာရေး၊ ကျန်းမာရေးနှင့်  လူမှုရေးဆိုင်ရာ  ကူညီစောင့် ရှောက်ခြင်းများ အပါအဝင်  ပြည်သူ့အကျိုးပြုလုပ်ငန်း မှန်သမျှကို  ဆောင်ရွက်ပေးသွား ကြရန် မှာကြားလိုကြောင်း။

၂၁ ရာစုခေတ်သစ်စစ်ပွဲများသည်  အကန့်အသတ်  အတားအဆီးမဲ့ပုံစံဖြင့်  အရပ် မျက်နှာအမျိုးမျိုး၊  နယ်ပယ်အမျိုးမျိုးမှ  ပုံသဏ္ဌာန်မျိုးစုံဖြင့် ပုံဖော်တိုက်ခိုက် လာခြင်း ဖြစ်ကြောင်း၊  တိုးတက်လာသည့်  ခေတ်မီစစ်လက်နက်ပစ္စည်းများကြောင့်  ပြောင်းလဲ သွားမည့် စစ်ပွဲ၏ပုံစံနှင့် စစ်ဗျူဟာများကို  ကြိုတင်မျှော်တွေးကြရမည်ဖြစ်ကြောင်း၊  ခေတ်မီဆန်းသစ်လာသည့် ကွပ်ကဲမှုနှင့် ကြီးကြပ်မှုစနစ်ကို  နားလည် တတ်ကျွမ်းအောင် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး နည်းပညာများနှင့်လိုက်လျော ညီထွေပြောင်းလဲနေသည့်  စစ်မဟာဗျူဟာ၊  စစ်နည်းဗျူဟာများကိုလည်း  လေ့လာနေရမည်ပင်ဖြစ်ကြောင်း၊  ခေတ်ကာလအခြေအနေအရ  ခေါင်းဆောင်ငယ်များအဖြစ်  တာဝန်ထမ်းဆောင်ကြရမည့် သူများအနေဖြင့်  စစ်ရေးဆိုင်ရာကိစ္စရပ်များအပြင်  လက်ရှိဖြစ်ပေါ်နေသည့်  နိုင်ငံတကာ ရေးရာကိစ္စရပ်များကိုပါ   စဉ်ဆက်မပြတ်  လေ့လာနေရန်လိုအပ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးသည်  ၎င်းတို့နိုင်ငံများ၏  ဖြစ်တည်လာမှုသမိုင်းကြောင်း၊  ရိုးရာယဉ်ကျေးမှု၊  ဓလေ့ထုံးစံ၊  မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ  စသည် တို့အပေါ်အခြေခံပြီး  ပြည်ထောင်စုစနစ်ကို  ပုံဖော်လျက်ရှိကြောင်း၊  မိမိတို့ နိုင်ငံကိုလည်း  ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအတွေ့အကြုံအရ  နိုင်ငံတော်နှင့်ပြည်သူလူထု အတွက်ကိုက်ညီ သည့်  နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သောစစ်မှန်စည်းကမ်း ပြည့်ဝသည့်  ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာရေး၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင် စုတည်ဆောက်ရေးကို  အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင်  ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံကို  နိုင်ငံရေးမောင်းနှင်အား၊  စီးပွားရေးမောင်းနှင်အား၊  ကာကွယ် ရေးမောင်းနှင်အားတို့နှင့်  လည်ပတ်ဆောင်ရွက်ရခြင်းဖြစ်ပြီး  ၎င်းမောင်းနှင်အားများ အနက် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊  စီးပွားရေး မောင်းနှင်အား ကောင်းမွန်မှသာ  နိုင်ငံရေးမောင်းနှင်အားနှင့်  ကာကွယ်ရေးမောင်းနှင် အား တို့ကို  တည်ဆောက်နိုင်မည်ဖြစ်သောကြောင့်  မိမိတို့အစိုးရလက်ထက်တွင်  တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးကို  အမျိုးသားရေး ရည်မှန်း ချက်(၂)ရပ်အဖြစ် ချမှတ်ပြီး  အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို  ပြောကြား လိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ယခင် NLD အစိုးရ၏   ရွေးကောက်ပွဲ မဲမသမာမှုမှတစ်ဆင့်  နိုင်ငံတော်အာဏာအား  မသမာသည့်နည်းလမ်းနှင့်  အဓမ္မရယူ ရန်ကြိုးပမ်းသည်ကိုကာကွယ်တားဆီးရန်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက် လာသည့်အစိုးရဖြစ်သောကြောင့်  လွတ်လပ်ပြီးတရားမျှတသည့်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို  နိုင်ငံတော်အစိုးရ၏  အန္တိမရည်မှန်းချက် အဖြစ်ထားရှိပြီး  လုပ်ဆောင်လျက်ရှိကြောင်း၊  ရွေးကောက်ပွဲကို  တစ်နိုင်ငံလုံး  အကြားအလပ်မရှိ  ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး၊  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏  အခွင့် အရေးများ နစ်နာမှု မရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်သည့်  ရွေးကောက်ပွဲဖြစ်စေ ရေးအတွက်  အဖက်ဖက်မှ  ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  အခြေခံလုပ်ငန်းစဉ်များ  စတင်ဆောင်ရွက်နေပြီ ဖြစ်သောကြောင့်  အားလုံးပူးပေါင်းပါဝင်ကြမှသာ  မိမိတို့သွားချင်သည့်ပန်းတိုင်ကို  ဆောလျင်စွာ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်း  အသိပေးပြောကြားလိုကြောင်း။

ကိုယ်ကျင့်တရားနှင့် စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုအပြည့်ဖြင့်  စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရန်၊ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်  နေထိုင်စားသောက်မှုကို ဂရုပြုပြီး  လေ့ကျင့်သားပြည့်ဝသည့် စစ်သည်တော်ကောင်းများဖြစ်အောင်  ကြိုးစားကြရန်၊ ခေတ်နှင့်အညီ  ပြောင်းလဲတိုးတက်လျက်ရှိသည့်  စစ်ဘက်ဆိုင်ရာ နည်းပညာများ အပါအဝင် အခြားပညာရပ်များမှာလည်း  စဉ်ဆက်မပြတ် လေ့လာသင်ယူမှု၊  လေ့ကျင့် မှုနှင့် လိုက်နာမှုများကို  ဆက်လက်လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက်  ကျရာတာဝန် များကို  နိုင်ငံသားကောင်း၊ တပ်မတော်သားကောင်းတစ်ဦးပီသစွာ  ပါဝင် ဆောင်ရွက် သွားကြရန်၊ အမိနိုင်ငံတော်နှင့် တပ်မတော်အပေါ်  သစ္စာစောင့်သိပြီး  အမျိုးသားရေး တာဝန်ဖြစ်သည့်  ဒို့တာဝန်အရေးသုံးပါးကို  ကာကွယ်စောင့်ရှောက်ကြမည့်  နောင်တစ်ခေတ်၏ အောင်စစ်သည်များဖြစ်အောင်  ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြား သည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်ရသည့် ၄ နှစ်တာ ကာလ တစ်လျှောက်လုံး စာပေပညာ၊ စစ်ပညာတို့တွင် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်း ကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်သဖြင့် ချီးကျူးအသိ အမှတ်ပြုကြောင်းနှင့် မိဘများနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း ယခုသင်တန်းမှ ရရှိခဲ့သည့်  မိမိ ဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်း ကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာများကို ဆက်လက်ဆည်းပူးလေ့လာပြီး လုပ်ငန်းခွင်တွင်ထူးချွန်သူများဖြစ် အောင်၊ တိုင်းပြည်က အားထားရပြီး လက်အောက်ကအားကိုးရသူများဖြစ်အောင် ဆက် လက်ကြိုးပမ်းသွားကြစေလိုကြောင်း။

တာဝန်ထမ်းဆောင်ရာတွင်လည်း စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင် ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက ်ရှိကြသည့် နောင်တော်ကျောင်းဆင်းအရာရှိများ၊ စစ်သည်များထံမှလည်း ကောင်းမွန် သည့် အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊ မိမိကိုယ်ကို မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့် တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လို ကြောင်း။

ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေး ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ် မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော် ၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်းမမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအား ဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ လူငယ် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်ရာတွင် ပိုင်ဆိုင်ထားပြီးဖြစ်သည့် မဆုတ် မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်တတ်သည့်စိတ်ဓာတ်နှင့် ရိုးသားသစ္စာရှိမှုတို့ကို ပေါင်းစပ်၍ မိမိတို့ဘဝတိုးတက်မှုရှိစေရေး စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။