ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး အဆင့်ဆွေးနွေးပွဲတက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ည ၁၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်ဆွေးနွေးပွဲကို နေပြည်တော်၊ MICC II ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်မှ မွန်းလွဲ ၁၂ နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန(၁)၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီ၊ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးအခြေအနေ၊ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံ တကာသတင်းအချက်အလက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့်တစ်ဆက်တည်းမှာပင် “ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Albert KARIMOV ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍လည်းကောင်း၊ “စားနပ်ရိက္ခာလုံခြုံရေး” ဆိုင်ရာ ဆက်စပ် ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ထွဋ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sergei LEVIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍လည်းကောင်း၊ “စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာဆက်စပ်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူး Mr. Andrei BELYAKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍ လည်းကောင်း၊ “ဘဏ္ဍာရေးဆိုင်ရာလုံခြုံရေး” ဆက်စပ်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr. Aleksei GUZNOV ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်၍လည်းကောင်း ကဏ္ဍအလိုက် နှစ်နိုင်ငံရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုး ခဲ့ကြပြီး အမှှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရတို့ အကြား အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကာ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။