အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲ ရန်ကုန်မြို့၌ ပြုလုပ် နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၅

Tuesday, December 5, 2023 - 16:00

မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး "အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင် ရှုတ်ချပွဲ" ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့ကြသည်။

ဦးစွာ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို တက်ရောက် လာကြသူများက နိုင်ငံတော်အလံအား အရေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်းများ ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများ၊ ပြည်သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်စွာ ဂါဝရပြုခဲ့ကြသည်။

ထို့နောက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက နိုင်ငံတော်အတွင်း အချို့သောဒေသများ၌ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူအသုံးပြု နေသည့် လမ်းတံတားများကို ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များနှင့် ဆက်သွယ် ရေး တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရုံများကို ‌ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် တည်ငြိမ် အေးချမ်းမှုများဆုံးရှုံးကာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးများတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ဒေသခံပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အကြမ်းဖက်မှုများ ပပျောက်ချုပ်ငြိမ်းစေရေး တည်ငြိမ်အေးချမ်းစွာဖြင့် မိမိတို့၏ဆန္ဒများကို ယခုကဲ့သို့ ဖော်ထုတ်ရခြင်းဖြစ် ကြောင်းပြောကြားပြီး တက်ရောက်လာကြသူများက “ နိုင်ငံတော်အား ကာကွယ်ရေး - တို့ပြည်သူ အားလုံးပါဝင်ပေး၊ အလုံးစုံ ပျက်သုဉ်းရေး လုပ်ဆောင် နေတဲ့ အကြမ်းဖက်လုပ်ရပ်များ - အလိုမရှိ၊ မြန်မာပြည်တွင်းရေးကို နောက်ကွယ်မှ ဝင်ရောက်စွက်ဖက်နေသည့် နိုင်ငံများအား - ဆန့်ကျင်ကြ၊ နောက်ကွယ်ကနေ အကြမ်းဖက်အားပေးလုပ်ရပ်များ - ချက်ချင်းရပ်၊ ဒို့နိုင်ငံ ပျက်စီးအောင် အဖျက် သမားအားပေးနိုင်ငံများ - အလိုမရှိ ” အစရှိသည့် ကြွေးကြော်သံကို ကြွေးကြော် ခဲ့ကြသည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို မြန်မာ့ အမျိုးသားရေး ကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး၊ အမျိုးသားရေးတက်ကြွလှုပ်ရှား သူများ၊ နိုင်ငံရေးပါတီဝင်များ၊ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်သည့် ပြည်သူများ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။