မုန်းမြို့၊ နယ်မြေခံတပ်ရင်းသို့ လာရောက်တိုက်ခိုက်သည့် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၅

Tuesday, December 5, 2023 - 16:00

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများ နှင့် မြို့ဝင် သံတံတားတို့အား  KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့အား ဒီဇင်ဘာ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများ ပေါ်တွင် မဟုတ်မမှန် လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းကစ၍ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်း ၁ ရင်းအား သာလွန် အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက် သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများပြားသော်လည်း အင်အားထပ်မံဖြည့်တင်း ၍ တိုက်ခိုက်လာသည့်အတွက် ညနေပိုင်းတွင် မိသားစုဝင်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး သင့်လျော်သည့်နေရာသို့ နည်းဗျူဟာအရ ခေတ္တ ဆုတ်ခွာခဲ့ရပြီး အဆိုပါ မိသားစုများကို လုံခြုံစိတ်ချရသည့်နေရာသို့ လေကြောင်း အကူအညီဖြင့် စနစ်တကျပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာသို့ တပ်မတော်စစ်ကူစစ်ကြောင်းများဖြည့်တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် စနစ်တကျစုဖွဲ့လျက် ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အကျအဆုံးများစွာဖြင့် မွန်းလွဲပိုင်း တွင် မြို့၏ မြောက်ဘက်နှင့်အရှေ့ဘက်သို့ ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့ပြီး အကြမ်းဖက်သမားများ ခေတ္တဝင်ရောက်နေရာယူထားသည့် နယ်မြေခံ တပ်ရင်းအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကာ မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိ သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ အလောင်း၊ လက်နက် အချို့ သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ခေတ္တတိမ်းရှောင်စဉ် ထပ်မံထိတွေ့မှု ဖြစ်ခဲ့သည့် အရာရှိ/စစ်သည်အချို့နှင့် မြို့တွင်းနေ ရဲမေအချို့တို့ အကြမ်းဖက်သမား များ၏ ဖမ်းဆီးခြင်းခံရကာ အချို့အရာရှိ/စစ်သည်/ရဲမေများ ပြန်လည်လွတ်မြောက် ရေးအတွက်လည်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင် အကြမ်းဖက်သမားများသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း အဆိုပါနယ်မြေခံတပ်ရင်းအား တိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းတွင် အခြား နယ်မြေခံတပ်ရင်းအား အဝေးမှနှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ ဆက်သွယ် ရေးလမ်းကြောင်းပေါ်ရှိ သံတံတားလုံခြုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်၍ လည်းကောင်း၊ မြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း စစ်ကူ မလာရောက်နိုင်စေရေး ထိန်းချုပ်နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မြို့တွင်း လုံခြုံရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး အကြမ်းဖက်သမားများသည် ထိခိုက်ဒဏ်ရာရရှိမှု များစွာဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ သို့သော် အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများ အနေဖြင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် မုန်းမြို့ရှိ တပ်ရင်းများအားလည်းကောင်း၊ မြို့ဝင်သံတံတားနှင့် မုန်းမြို့တို့အား လည်းကောင်း အင်အား ၁၅၀၀ ခန့်ဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းအမှားများ လုပ်ကြံ ထုတ်လွှင့်၍ ပြည်သူလူထု စိုးရိမ်ကြောက်ရွံ့စေရန်နှင့် ဒေသတည်ငြိမ်မှု ပျက်ပြားစေရန် ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများ၏ လုပ်ကြံသတင်း အမှားများအပေါ် တိုင်းရင်းသားပြည်သူများ သတိပြုနိုင်ပါရန်နှင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် ပြန်လည် တုန့်ပြန်တိုက်ခိုက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။