နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၃၀

Thursday, November 30, 2023 - 15:45

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပ သည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊  ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊  မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်း များမှ   အုပ်ချုပ်သူ/ နည်းပြများ၊  အားက စားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

          ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် အမျိုးသမီး(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ နေပြည်တော်ကောင်စီအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် ဦးကိုကိုလှိုင် တို့က  အမျိုးသမီး (၂) ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် တတိယ ဆုရရှိသူများကို  ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် က   အမျိုးသမီး (၃) ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်း က  အမျိုးသမီး (၄) ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် က  အမျိုးသား (၂) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါက်တာ ဘရွှေ က အမျိုးသား (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို လည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန် က အမျိုးသား (၄) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပိုးရယ်အောင်သိန်း တို့က  အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည် မွန်ပြည်နယ်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ကို  တံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်ဒွဲဘူ က  စုပေါင်းတံခွန် စိုက် ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလားပေးအပ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ပိုက်ကျော်ခြင်း  အားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိပြီး  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေး၊  မြန်မာ့ပိုက်ကျော်ခြင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး နှင့်  နိုင်ငံကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် ရည်ရွယ်၍ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၄)သင်း၊ အမျိုးသမီးအသင်း (၁၂)သင်း၊ အားကစား သမား စုစုပေါင်း (၂၆၂) ဦးဖြင့် နိုဝင်ဘာ ၂၂  မှ ၃၀  ရက်အထိ  ကျင်းပခဲ့ကြောင်းသိရသည်။