တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၈

Tuesday, November 28, 2023 - 15:30

            ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန် များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန် ကျောင်းတိုက်၌ အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၇၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၁ ဦး၊ မျက်စိရောဂါ ၉၁ ဦး နှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူကြသော ဒေသခံပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ ပေးဝေလှူဒါန်းသည်။

ထို့ပြင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ ယနေ့မွန်းလွဲ ၂ နာရီ ၄၇ မိနစ်ခန့်တွင် မအူပင်မြို့နယ်၊ ထနီကျေးရွာမှ မီးဖွားလူနာ မဇင်မီမီထက်ကို ၇ပေါင် ၅ အောင်စရှိသော သားဦးရတနာလေးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ အဆိုပါကလေးငယ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ မောင်စိုးထက်ရွှေ ဟု အမည်ပေးပြီး ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက ကိုယ်စားပေးအပ်သည်။ ၎င်းကလေးငယ်သည် ယခုဆေးကုသမှု ခရီးစဉ်တွင် ဒုတိယမြောက်မွေးဖွားပေးခဲ့သော  ကလေးငယ်ဖြစ်ပြီး မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)သမိုင်းမှတ်တမ်းတွင် ၂၈ ယောက်မြောက်အဖြစ် အောင်မြင်စွာ မွေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ယခင်နယ်လှည့်ဆေးကုသမှုခရီးစဉ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ မွေးဖွားပေးခဲ့ သော မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ တမလိုကျေးရွာမှ ဦးစိုးလင်းနှင့် ဒေါ်ကေခိုင်ဝင်း တို့၏ သားငယ်ဖြစ်သူ မောင်နေဇွန်မင်း ကိုလည်း လက်ဆောင်ပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။