မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦးများအား ဆူပူအကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ နေပြည်တော်၊ မေ ၁၃

Thursday, May 13, 2021 - 14:15

မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦးများအား ဆူပူအကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့

နေပြည်တော်၊ မေ ၁၃

          ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

          ထိုသို့လုပ်ဆောင်ရာတွင် မေလ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျီတော်စုရပ်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူ များက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအနာက်တွင် အဖီဆွဲထားသော သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း အခန်း ၁ ခန်းနှင့် အဆိုပါအခန်းအတွင်းမှ စားပွဲခုံ ၂ လုံး၊ သေတ္တာ ၄ လုံးနှင့် အရံမီးသတ်ဝတ်စုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

          အလားတူ နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့၍ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးရှေ့ မှန်ပြတင်းပေါက်အနီးရှိ ပလပ်စတစ်ထိုင်ခုံ ၁ လုံးနှင့် သစ်သားကြမ်းခင်း ၂ ပေပတ်လည်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

          အလားတူ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ရွှေသာလျောင်း လမ်းမတန်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အကြမ်းဖက်သူများမှ အင်ဂျင်ဝိုင်နှင့် ဓာတ်ဆီစိမ် ထားသည့် အဝတ်စ ၁ ခုအား အသုံးပြု၍ မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အိုပါရုံးအဝင်နံရံ၌ တပ်ဆင်ထားသည့် နံရံကပ်ပန်ကာ ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

          အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။