တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၇

Monday, November 27, 2023 - 19:15

            ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၈၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၀ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၄၇ ဦး၊ အရိုးရောဂါ ၁၃၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၂၁၂ ဦး နှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၀ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ လာရောက်ဆေးကုသမှုခံယူကြသော ဒေသခံပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ ပေးဝေလှူဒါန်းသည်။