အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့်  လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင် ၈၁ ခုပျက်စီးဆုံးရှုံးခဲ့ရ နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၆

Sunday, November 26, 2023 - 15:30

လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်း အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာ ရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များအား မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ် များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်အထိ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယင်းသို့ အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အကျဆုံးဖြစ်သော လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား ဆင်ခြင်တုံတရား မဲ့စွာ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများသည် မိုက်မဲသောလုပ်ရပ်များ ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လျှပ်စစ်မီးနေ့စဉ်အသုံးပြုလျက်ရှိသည့် ပြည်သူ လူထုအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့ရန်နှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်း ဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။