ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများ ရှင်းလင်းဖယ်ရှားစဉ် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ နေပြည်တော်၊ မေ ၁၂

Wednesday, May 12, 2021 - 16:15

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများ ရှင်းလင်းဖယ်ရှားစဉ် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၁၂

            ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ယနေ့တွင် ဆူပူအကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် အတားအဆီးများ ရှင်းလင်းဖယ်ရှားစဉ် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅  မိနစ်အချိန်တွင် လွိုင်ကော်မြို့၊ နံနတ်တော ရပ်ကွက် မြို့နယ်ရွေးကော်ပွဲကော်မရှင်ရုံးနှင့် စက်မှုလက်မှုအထက်တန်းကျောင်းကြားတွင် ဆူပူအကြမ်းဖက်သူ အင်အား(၁၀၀)ဦးမှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖြိုခွဲထိန်းသိမ်းခဲ့ရာ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါဆူပူဆန္ဒပြသူ လူအုပ်စုအတွင်းမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

            ထို့ပြင် ပြည်နယ်ကော်မရှင်ရုံးထောင့်သို့ရောက်ရှိရှိ ဆူပူအကြမ်းဖက်သူများက အများပြည်သူသွားကားလမ်းမကြီးအား သုံးမြှောင့်သံချွန်များနှင့် သစ်တုံးအတားအဆီးများဖြင့် ပိတ်ဆို့ထားသဖြင့် ရှင်းလင်းဖယ်ရှားစဉ် မြို့ရှောင်လမ်း ဇေညီနောင် ဆီဆိုင်ဘက်မှ ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၃၀ ဦးခန့်က တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

            ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဆူပူ အကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လိုအပ်သော လုံခြုံရေး အင်အားများ ဖြည့်တင်းကာ ပိတ်ဆို့စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။