ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ ရဟန္တာ ဦးသီလဓာတ်တော်စေတီဝန်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၇၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၇၀ ဦး၊ ခွဲစိတ်ရောဂါ ၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၁၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၆ ဦး၊ မျက်စိရောဂါ ၁၀၃ ဦး နှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် လာရောက်ဆေးကုသမှုခံယူ ကြသော ဒေသခံပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ ပေးဝေလှူဒါန်းကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။