မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာ၌ ဆူပူအကြမ်းဖက်ဆန္ဒပြသူများအား ဖြိုခွဲထိန်းသိမ်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း၌ CDM လှုပ်ရှားမှုကို အခြေခံ၍ ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် တရားဥပဒေပျက်ပြားအောင် ဦးတည် ဆောင်ရွက်နေသော ဆူပူအကြမ်းဖက်အဖွဲ့များသည် မြင်းခြံမြို့နှင့် ၇ မိုင် ကွာဝေးသော တလုပ်မြို့ရွာ၊ ရဲတိုင်ရွာ၊ မြို့ကြီးကုန်းရွာ၊ မြောက်ရွာများတွင် ရွာခြံစည်း ရိုးတံခါးများ အခိုင်အမာပြုလုပ်ခြင်း၊ သဲအိတ်ဘန်ကာများ၊ လူလုပ်အတားအဆီးများ ပြုလုပ်ပြီး ယာယီခံစစ်များ သဖွယ်ပြုလုပ်လျက်ရှိပြီး မြင်းခြံမြို့ပေါ်သို့ အဖျက်အမှောင့်လုပ်ငန်းများ အဖြစ် မြဝတီဘဏ် ဗုံးပေါက်ကွဲမှု ၂ ကြိမ်၊ ကမ္ဘောဇဘဏ် ဗုံးပေါက်ကွဲမှု ၁ ကြိမ်၊ ခရိုင်စီမံ အုပ်ချုပ်ရေးရုံးသို့ ၁ ကြိမ်၊ ခရိုင် ရဲတပ်ဖွဲ့မှူးနေအိမ် မီးရှို့မှု ၁ ကြိမ်၊ ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာနသို့ ၂ ကြိမ် လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်းများဖြင့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်လာခဲ့သည်။
ထို့ပြင် နိုင်ငံတော်အတွင်း အုပ်ချုပ်မှု ယန္တရားထိခိုက်စေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်မှုကို လိုလားသည့် လူငယ်ထုအချို့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း မြင်းခြံခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အားဖွဲ့စည်းကာ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအချို့ တို့တွင် ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များပြုလုပ်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် ပြည်သူလူထုများမှ အုပ်ချုပ်ရေး ပိုင်းနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖြစ်ပေါ်နေသည့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်ရေး သတင်းပေးပို့လာခဲ့သည်။
ထို့သို့ သတင်းပေးပို့လာခဲ့သဖြင့် မေလ ၁၁ ရက် ညနေ ၃ နာရီအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖြစ်ပေါ်နေသော အခြေအနေအား ထိန်းသိမ်း နိုင်ရေး သွားရောက်ခဲ့ရာ တလုပ်မြို့ကျေးရွာအတွင်း အရောက်တွင် ဆူပူအကြမ်းဖက်သူ များက လက်နက်ငယ်များ၊ လက်လုပ်သေနတ်၊ လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်ဗုံး များဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေးအတွက် မြင်းခြံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။
ဆက်လက်၍ မေလ ၁၂ ရက် နံနက် ၆ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တလုပ်မြို့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ရဲတိုင်ကျေးရွာနှင့် ကုန်းဘောင်ကျေးရွာများအတွင်းရှိ အကြမ်းဖက်အဖွဲ့များအား အဖွဲ့ ၃ ဖွဲ့ခွဲ၍ အဆင့်ဆင့် အသေးစိတ် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ တလုပ်မြို့ကျေးရွာအတွင်း အရောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက် သူ အင်အား (၂၀၀)ဦးခန့်က လက်နက်ငယ်၊ တူမီးသေနတ်၊ လက်ပစ်ဗုံး၊ လက်လုပ်ဗုံး များဖြင့် ဝိုင်းရံပိတ်ဆို့ကာ ဆူပူအော်ဟစ်အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ လုပ်ထုံးလုပ်နည်းနှင့်အညီ လူစုခွဲခြင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် ဆူပူအကြမ်းဖက်အဖွဲ့များ ဆင်ချောင်းကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျည်ထိမှန်၍ အပြင်း အထန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆူပူအကြမ်းဖက်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ဆူပူ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် M-16 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ တူမီးသေနတ် ၂ လက်၊ လက်လုပ်သေနတ် ၈ လက်၊ 91 လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့သည့် ဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့် အညီ ထိရောက် စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တလုပ်မြို့ကျေးရွာ ၏ ပတ်ဝန်းကျင်ကျေးရွာများရှိ ဆူပူအကြမ်းဖက်အဖွဲ့များအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု့ကာ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။