မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် နေပြည်တော်၊ မေ ၁၂

Wednesday, May 12, 2021 - 13:45

မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၁၂

               ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ မေလ ၁၁ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကံကော်ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဆောက်အဦအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါဗုံးသီးမှာ ရုံးဝင်းအတွင်း အစည်းအဝေးခန်းမရှေ့ ၁၀ ပေခန့်အကွာတွင် ကျရောက် ပေါက်ကွဲ ခဲ့သဖြင့် တံခါးမှန် ၇ ချပ်ကွဲအက်ပျက်စီးခဲ့ပြီး ရုံးအတွင်းရှိနေသော မောင်လင်းမြတ်ဟိန်း (၂၀)နှစ်(ဘ) ဦးရဲနိုင်အောင်တွင် လည်းပင်းရှေ့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးဝါး ကုသမှုခံယူနိုင်ရေး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

               အလားတူ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကျိုက်ထိုမြို့ရှိ မြို့မရဲစခန်းအား ရဲစခန်း၏ မြောက်ဘက်ကိုက် ၃၀၀ ခန့်အကွာရှိ ကံကော်ရပ်ကွက်၊ မီးသတ်လမ်းဆုံမှ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် အချက် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၇ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်အဖွဲ့မှ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ထပ်မံ၍ ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် ရဲစခန်း၏ အရှေ့ဘက်ပေ ၁၀၀ ခန့် အကွာရှိ ရွှေဘုံသာဘုရားဝင်းအတွင်းမှ အကြမ်းဖက်သူအမျိုးသား ၁ ဦး(စိစစ်ဆဲ)က လက်နက်ငယ်ဖြင့်  ၄ ချက်ခန့် ပစ်ခတ်ပြီး ကံကော်ရပ်ကွက်ဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

               အလားတူ မေလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာရှိ ရဲကင်းစခန်းအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦး ခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီခွဲအချိန်တွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ကျည် ၁၅ တောင်ပါ ကျည်အိမ် ၁ ခုအားသိမ်းဆည်း ရမိခဲ့ပြီး ဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

               အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများ အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လိုအပ်သောလုံခြုံရေးအင်အားများတိုးမြှင့်ကာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။