နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၁၁

Saturday, November 11, 2023 - 17:15

              ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊  အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။

          ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ၏  Pair (အမျိုးသား + အမျိုးသမီး) အတွဲပြိုင်ပွဲ၊ ကကွက်တစ်ဦးချင်း (အမျိုးသား) ပြိုင်ပွဲ၊ ကကွက်တစ်ဦးချင်း (အမျိုးသမီး) ပြိုင်ပွဲ၊ အသင်းလိုက် (အမျိုးသား) ပြိုင်ပွဲနှင့် (အမျိုးသမီး) ပြိုင်ပွဲတို့တွင်  ပထမဆု ရရှိကြသည့် အားကစားသမားများက အားကစားနည်းအလိုက် သရုပ်ပြ တင်ဆက်ကြသည်။

          ထို့နောက် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး  တိုက်ကွမ်ဒိုပြိုင်ပွဲ (ဗိုလ်လုပွဲ) ပွဲစဉ် များကို ဆက်လက်ကျင်းပရာ အမျိုးသား တစ်ဦးချင်းအတိုက် (၅၀ - ၅၄) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ ကလည်းကောင်း၊ အမျိုး သမီး တစ်ဦးချင်းအတိုက် (၆၂ - ၆၇) ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းအတိုက် (၆၈ - ၇၄) ကီလိုတန်းပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြသည်။

ယင်းနောက် ဝိတ်တန်းအလိုက် ဆုရရှိသည့်အသင်းနှင့် တံခွန်စိုက်ဆုဖလားရရှိသည့် အသင်းတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလားများ၊ ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသား အသင်း (၁၅) သင်း၊ အမျိုးသမီးအသင်း (၁၅) သင်း အားကစားသမား စုစုပေါင်း (၂၈၀) ဦးဖြင့် နိုဝင်ဘာ ၇ မှ ၁၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။