မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ
နေပြည်တော်၊ မေ - ၁၂
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူ ထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များ အားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။
ထို့သို့အပ်နှံရာတွင် မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက် မြို့နယ်၊ တပ်ကုန်းကျေးရွာနှင့် မှော်ကူးကျေးရွာများရှိ ပြည်သူများမှ လက်လုပ်သေနတ် ၁၈ လက်နှင့် တူမီးသေနတ် ၁ လက်တို့အားလည်းကောင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် ရွာသာယာ ကျေးရွာတို့မှ လက်လုပ်သေနတ် ၈ လက်အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပက်မခန်းကျေးရွာမှ လက်လုပ်သေနတ် ၇ လက်အားလည်းကောင်း၊ ထီးလင်းမြို့နယ်၊ အညာတန်း ကျေးရွာနှင့် ဘူးတောင်ကျေးရွာများမှ လက်လုပ်တူမီးသေနတ် ၂ လက်အားလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလားရပ်ကွက်မှ ကျောက်မီးသေနတ် ၅ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။