ကရင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့နယ်၊ ထောင်ဝိကွင်း၌ကျင်းပသော ဆောင်းဆီထွက်သီးနှံနေကြာမျိုးစေ့၊ မြေဩဇာများပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ အခမ်း အနားသို့တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သကဲ့သို့ နိုင်ငံလူဦးရေ၏ ၇၀ % ခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး မြေယာကိုအခြေပြုကာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများကို အဓိကလုပ်ကိုင်နေရကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်နေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အပြင် လယ်ယာမြေ ထွန်ယက်စိုက်ပျိုးရန် သဘာဝအရင်းအမြစ်နှင့် သယံဇာတပေါကြွယ်ဝသည့် ပြည်နယ် တစ်ခုဖြစ်သည့်အတွက် ကုန်းမြင့်သီးနှံ၊ မြေနိမ့်သီးနှံစသည့် သီးနှံအမယ်စုံ စိုက်ပျိုးဖြစ်ထွန်း နိုင်သည့် အလားအလာကောင်းကောင်းသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့အကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်အတွင်း စားရေရိက္ခာ ဖူလုံရေး၊ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်မြှင့် တိုးတက်အောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က တောင်သူများအား နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ဆောင်းဆီထွက်သီးနှံနေကြာ မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ်ဝန်ကြီး ချုပ်ဖလား လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများသည် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ ခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများကို ပျောက်ကွယ် မသွားအောင် ထိန်းသိမ်း စောင့်ရှောက်ရန်မှာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းရင်းသား များ၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဌာနကိုလည်း ဖွဲ့စည်းထားပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်က တိုင်းရင်းသား များအနေဖြင့် မိမိစာပေ၊ မိမိယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် ကိုယ်စီရှိပါကြောင်း၊ ဒေသအတွင်းမှာရှိသည့် တိုင်းရင်းသားများ အားလုံးသည် ယခင်ကတည်းက အတူတကွနေထိုင်ခဲ့ကြသလို ယခုအချိန်တွင်လည်း အတူတကွ နေထိုင်ခဲ့ကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး စောင့်ရှောက် ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကလည်း မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များက လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က ကရင်၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တို့အား တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၅၀ အား ထောက်ပံ့ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။