နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမ၌ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင်အလှူရှင်များက စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေ ၁၀၀၈ သိန်းနှင့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးက ကျေးဇူးတင် စကား ပြန်လည်ပြောကြား သည်။
အလားတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် နိုဝင်ဘာလ ၃ ရက်မွန်းလွဲပိုင်း စေတနာရှင်အလှူရှင်များက စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေ ၂၇၆၂ သိန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ လာရောက်ဂုဏ်ပြုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ယနေ့နံနက်ပိုင်းတွင် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြသည်။
အဆိုပါ စားသောက်ဖွယ်ရာများကို လားရှိုးမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။