၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး(အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်း မိသားစု များနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်း ကောင်း၊ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ် မြေ နေပြည်တော်အသင်းကို သုံးပွဲ တစ်ပွဲ ဖြင့်လည်းကောင် အနိုင်ရရှိကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးတို့က ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာချာလီသန်းတို့က ပြည်နယ် နှင့် တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် ပူးတွဲတတိယ ဆုရရှိ ကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံ ဆိပ်နှင့် ဂုဏ်ပြုဆုငွေတို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ် ပြုဆုငွေတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် နှင့် ဒေါ်ဒွဲဘူတို့က ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကိုလည်ကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင် က ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် မန်းငြိမ်းမောင်တို့က ပထမဆုရရှိသည့် ရှမ်း ပြည်နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ဦးရွှေကြိမ်း တို့က ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅)သင်းနှင့် အမျိုးသမီး အသင်း (၁၃)သင်းတို့မှ အားကစားသမား စုစုပေါင်း (၄၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။