တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၁၀)ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum) သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀)ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum)သို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် ၀၉၀၀ နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံသီးသန့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုတိုးတက်ခိုင်မာလာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ကူညီပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားမည်ဟုလည်း မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင်လုပ်ဆောင်ရေးနှင့် မြန်မာ့တပ်မတော်နှင့် အဆင့်မြင့်ဆက်ဆံရေးများကို ထိန်းသိမ်းထားရန်တို့အား လုပ်ဆောင်ရန်အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်ကလည်း နှစ်နိုင်ငံတပ်မတော်ချင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့်အတူ ဆက်လက် ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအပေါ် မြန်မာ့တပ်မတော်အနေနှင့် အထူးအလေးထားပါကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအား ထိန်းသိမ်းထားနိုင်ရေးအတွက် နှစ်နိုင်ငံတပ်မတော်များအကြား အပြန်အလှန် သတင်းဖလှယ်ရေးကိုလည်း မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် ပေကျင်းနိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ (Beijing International Convention Center- BICC)တွင် ကျင်းပသော (၁၀)ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် “နိုင်ငံကြီးများ၏ တာဝန်များနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု” (Major Countries’ Responsibility and Global Security Cooperation) ဆွေးနွေးပွဲ၊ “ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍ” (The Role of Developing Countries in Global Security) ဆွေးနွေးပွဲနှင့် “ဒေသတွင်း လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုအခန်းကဏ္ဍတွင် အာဆီယံ၏ဗဟိုကျမှု” (ASEAN Centrality in Regional Security Cooperation Architecture) ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ပေကျင်းနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ (Beijing International Convention Center-BICC) ၌ ကျင်းပသည့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကြာရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံလုပ်ဆောင်မှုများအား ပူးတွဲဖော်ဆောင်ခြင်း” (Jointly Implementing the Global Security Initiatives for Lasting Peace and Security of the World) ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ ၃၁ ရက် နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ မြန်မာ သံရုံးသို့ သွားရောက်ခဲ့ပြီး မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အား သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။
အဆိုပါ(၁၀)ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ်အား တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ တရုတ်နိုင်ငံစစ်ဘက်သိပ္ပံပညာအဖွဲ့(China Association of Military Science -CAMS)နှင့် တရုတ်နိုင်ငံ၊ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအဖွဲ့ (China Institute of International Strategic Studies-CIISS)တို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာရှ၊ ဥရောပ၊ အာဖရိက၊ လက်တင်အမေရိကဒေသများရှိ နိုင်ငံပေါင်း ၆၂ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများ၊ နိုင်ငံတကာတပ်မတော်များမှ အဆင့်မြင့်အရာရှိကြီးများအပြင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် အာဆီယံ၊ ဥရောပသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များ စသည့် နိုင်ငံတကာအဖွဲ့အစည်း ၆ ခုမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။