ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အား ၈၅ ရက်တာအတွင်း ဘုရားဖူးပြည်သူ တစ်သန်းကျော်လာရောက်ဖူးမြော်၊ အယောက်တစ်သန်းမြောက် ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏမိသားစုများ၏ ဝမ်းသာပီတိစကားသံများ
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ်လ ၈ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်ထိ ရက်ပေါင်း ၈၅ ရက်တာကာလအတွင်း ဘုရားဖူး ပြည်သူတစ်သန်းကျော်လာရောက် ဖူးမြော်ကြည်ညိုကြပြီး ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးပြည်သူတစ်သန်းကျော်အနက်မှ တစ်သန်းမြောက် ဘုရားဖူး ပြည်သူအား ဘုရားဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘုရားဂေါပကအဖွဲ့တာဝန်ရှိသူနှင့် အယောက်တစ်သန်းမြောက် ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏနှင့်အတူမိသားစုများ၏ ဝမ်းသာပီတိစကားသံများကိုဖော်ပြပေးလိုက်ပါသည်။
ဦးကျော်ဝဏ္ဏ(အယောက်တစ်သန်းမြောက်ဘုရားဖူးပြည်သူ)
သီတင်းကျွတ်ရုံးပိတ်ရက်မှာ ဒီနေပြည်တော်မှာရှိတဲ့ အမတို့ဆီကို အလည် လာရင်းနဲ့ ဒီနေ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ်ကနေ မိသားစုနဲ့အတူ အခုလိုလာရောက် ဖူးမြော်တာဖြစ်ပါတယ်။ ဒီဘုရားကြီးကို ရောက်တော့ ဝင်ခွင့်ကတ်ထုတ်တဲ့နေရာမှာ တိုက်ပုံအင်္ကျီနဲ့ ဦးလေးတစ်ယောက်က ကျွန်တော်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဒီဘုရားကြီးရဲ့ ဂေါပကလို့ပြောပါတယ်။ ဒီမာရဝိဇယ ဘုရားကြီးကို လာရောက် ဘုရားဖူးပြည်သူများအနက် ဒီနေ့ကျွန်တော် ရောက်ရှိကြောင်းစာရင်းသွင်း ကတ်ပြားထုတ်တဲ့ အချိန်မှာ အယောက်တစ်သန်း မြောက် ဘုရားပြည်သူတစ်ဦးဖြစ်တယ်လို သိရပါတယ်။ ဒီလိုကံထူးသူအဖြစ် စာရင်းဝင် သွားတဲ့အတွက်ကြောင့် အတိုင်းမသိဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဒီလိုအယောက် တစ်သန်းမြောက်ကံထူးရှင်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ မိသားစုကို အခမ်းအနားနဲ့ ဂုဏ်ပြုကာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများဆိုင်ရာ သိမှတ် ဖွယ်ရာများကို ရှင်းလင်းပြောပြပါတယ်။ ဘုရားဖူးပြည်သူများ တစ်နေ့တစ်နေ့ တိုးတက်များပြားလာတဲ့အကြောင်းတွေကို ပြောပါတယ်။ ဒါအပြင် ဥာဏ်တော် ၉ လက်မ အမြင့်ရှိတဲ့ စကျင် ကျောက် ဖြင့်ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးပုံတော် တူဆင်းတုတော် တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ မှန်ဘောင်သွင်း ဓာတ်ပုံ တစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိက အဆောက်အဦ များဆိုင်ရာ သမိုင်းကြောင်း ရှင်းလင်းချက် CD တစ်ချပ်၊ ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ/ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ပါဠိတော် ၅၃ ကျမ်း (၄၀)အုပ် တစ်စုံတို့ကို ဂုဏ်ပြုပေးအပ်ပါတယ်။ အဲ့ဒီအတွက်ကြောင်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။
ဦးသန့်ဆွေ
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့၊ နေပြည်တော် ဗဟိုချက်မဆိုတဲ့နေရာမှာ တည်ထားကိုးကွယ်ထား တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ သာသနိကအဆောက်အဦများကို နိုင်ငံ တော်အကြီးအကဲလည်းဖြစ်၊ ဦးဆောင်ဘုရားဒါယကာလည်းဖြစ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးပြီးတော့ စနစ်တကျ စီမံအကွက်ချ တည်ဆောက်ပြီးစီးတဲ့နောက်မှာ သာသနာသက္ကရာဇ် ၂၅၆၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆို လပြည့်နေ့က ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချ အောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ပြည်ပမှ အထူးဖိတ်ကြားထားတဲ့ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအပါအဝင် ဘုရားကြီးကို လှူဒါန်းကြတဲ့ အလှူရှင်များပါဝင်ပြီး စည်ကား သိုက်မြိုက်စွာနဲ့ ကျင်းပအောင်မြင်ပြီးစီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘုရားဖူးပြည်သူ များ စိတ်အေးချမ်းသာစွာနဲ့ ဖူးမြော်နိုင်ဖို့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ ကစပြီး စက်တင်ဘာလ ၃ ရက်နေ့ထိ အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီကာလတစ်လျှောက်မှာ ၁၉.၈.၂၀၂၃ ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲက ရဟန်းရှင်လူဘုရားဖူးပြည်သူများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်တဲ့နေ့မှာပဲ လူဦးရေ ၉၇၀၀၀ ကျော်ရှိပြီး အများဆုံးဝင်ရောက်ဖူးမြော်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒုတိယကတော့ ဩဂုတ်လ ၁၆ ရက်နေ့ကတော့ ၆၆၀၀၀ ကျော်ပေါ့။ အခမဲ့ ဝင်ရောက် ဖူးမြော်ခွင့်ပြုတဲ့ ကာလအတွင်း စက်တင်ဘာလ ၃ ရက်နေ့ထိ ဘုရားဖူး ဦးရေက ၆၁၀၀၀၀ ကျော်ရှိပါတယ်။ အဲ့ဒီနောက်မှာ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့ ဘုရားဖူးပြည်သူတွေကိုတော့ လွတ်လွတ် လပ်လပ် အခမဲ့ဖူးမြော်ခွင့်ပေးပြီးတော့ ကင်မရာပါတဲ့တယ်လီဖုန်းကိုတော့ သတ်မှတ် နှုန်းထား ၁၀၀၀ ကျပ်နှုန်းနဲ့ ဘုရားကြီး စီမံထိန်းသိမ်းဖို့ အလှူတော်ငွေ အဖြစ် ကောက်ခံခဲ့ရာ လှူဒါန်းပူဇော်လိုတဲ့ ဘုရားဖူးများ ဝင်ရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ရပ်နီးရပ်ဝေး အနယ်နယ် အရပ်ရပ်က ဘုရားဖူးများဖြင့် ကြိတ်ကြိတ်တိုးစည်ကားပြီး လာရောက်ဖူးမြော် လျက်ရှိရာမှာ သီတင်းကျွတ်ရုံးပိတ်ရက်ကာလမှာ အဖိတ်နေ့မှာ ဘုရားဖူးဦးရေ ၁၆၇၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှာတော့ မာရဝိဇယဘုရားကြီးရဲ့ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တခြားတန်ခိုးကြီးဘုရားများ နည်းတူ ဆီမီးများ ပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ဝတ်ရွတ်အသင်းများနဲ့ ရွတ်ဆိုခြင်းများကိုလည်းပဲ ၃ ရက်တာ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် ဘုရားဖူးပြည်သူတွေဟာ လပြည့်ညမှာ အထူးစည်ကားလာပါတယ်။ ဘုရားဖူးဦးရေ ၇၆၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပါ တယ်။ ဩဂုတ်လ ၈ ရက်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့ထိ ဘုရားဖူးလူဦးရေ ၉၇၅၀၀၀ ကျော် ရှိခဲ့ပါတယ်။ လပြည့်ကျော် ၁ ရက်နေ့မှာပဲ နိုင်ငံတော် ဝန်ကြီးချုပ် ရုံးမှ ဘုရားဖူးပြည်သူဦးရေ တစ်သန်းပြည့်မြောက်တဲ့ ဘုရားဖူးပြည်သူကို ဓမ္မလက်ဆောင်တွေ ပေးအပ်ဖို့ အတွက် သေချာရေတွက်ထားဖို့ လမ်းညွှန်ချက် လက်ခံရရှိပြီး နောက် လပြည့်ကျော် ၁ ရက်နေ့ကစပြီး ဘုရားဖူးပြည်သူဦးရေကို ကျွန်တော်တို့ သေချာရေတွက်ခဲ့ ပါတယ်။ လပြည့်နေ့ညမှာ အယောက်တစ်သန်းပြည့်မီဖို့အတွက် ၂၀၄၂ ဦး ကျန်ရှိတဲ့အတွက် ယနေ့နံနက် ၆ နာရီကစပြီး ဘုရားဖူးဝင်ရောက်တဲ့ဦးရေ ကို စိစစ်ဆောင်ရွက်တဲ့အခါ နံနက် ၁၀ နာရီမှာ ၂၀၂၇ ဦးဆိုတော့ ၁၅ ဦးအလို ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ခန့်မှန်းချိန် ၁၀ နာရီ ၃ မိနစ်မှာ ၁၅ ဦး စိစစ်ပြီး ဝင်ရောက်မှုကို ဆောင်ရွက်လိုက်တဲ့အခါ အခု ဓမ္မလက်ဆောင် ဂုဏ်ပြုပေးအပ်ခြင်း ခံရတဲ့ ဦးကျော်ဝဏ္ဏက အယောက်တစ်သန်းမြောက် ဘုရားဖူးပြည်သူဖြစ်ခဲ့ပါတယ်။ ဦးကျော်ဝဏ္ဏကို ဂုဏ်ပြုဓမ္မဒါနလက်ဆောင်များကို နိုင်ငံတော် အကြီးအကဲရဲ့ကိုယ် စား ဘုရားကြီးမှတာဝန်ရှိပုဂ္ဂိုလ်များက ချီးမြှင့်ခြင်းဖြစ်ပါတယ်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနဲ့တကွ သာသနာ့အဆောက်အဦများ၊ ဗုဒ္ဓဥယျာဉ်တော် ကလည်းပဲ စတင်တည်ဆောက်ကတည်းက နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ အသုံးပြုခြင်း မရှိဘဲ အများပြည်သူ ခုနစ်ရက်သားသမီးများရဲ့ စုပေါင်းအလှူနဲ့ တည်ဆောက် ထားတာဖြစ်ပြီး ယခုလို ပြည်သူအားလုံးဖူးမြော်ပြီး ကြည်ညိုသဒ္ဓါပွားများကြရတာ ဖြစ်ပါတယ်။ ဒါလည်းပဲ ကျွန်တော်တို့ရဲ့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ရည်ရွယ်ချက် ၄ ရပ်နဲ့အညီ ကမ္ဘာတည်သရွေ့ထွန်းလင်းတောက်ပ တည်တံ့ခိုင်မြဲနေစေဖို့အတွက် ရဟန်းရှင်လူ ဘုရားဖူးပြည်သူများရဲ့ အလှူဒါနများနဲ့ ဆက်လက်ပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် စီမံထိန်းသိမ်းမွမ်းမံဆောင်ရွက်သွားရမှာ ဖြစ်တဲ့အတွက် ဘုရားဖူး ပြည်သူများအနေနဲ့လည်း စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြဖို့၊ ကြည်ညို သဒ္ဓါပွားများစေကြဖို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ်ခင်ဗျာ။
ဒေါ်နွယ်နီဝင်း
ကျွန်မကတော့ ကိုကျော်ဝဏ္ဏရဲ့ ဇနီး ဒေါ်နွယ်နီဝင်းဖြစ်ပါတယ်။ ကျွန်မတို့ မိသားစု ရန်ကုန်ကဖြစ်ပါတယ်။ ဒီသီတင်းကျွတ်ရုံးပိတ်ရက်မှာ နေပြည်တော် မှာရှိတဲ့ အမတို့ဆီကို အလည်လာရောက်ရင်းနဲ့ မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်တာပါ။ ဘုရားကြီးက အရမ်းသပ္ပါယ်ပါတယ်။ ဘုရားရင်ပြင် တော်ပေါ် တက်လိုက်တာနဲ့ အရမ်းအေးချမ်းတယ်။ ဒီနေ့ကျွန်မအမျိုးသားက ဘုရားဖူးပြည်သူ အယောက်တစ်သန်းမြောက် ဘုရားဖူးပြည်သူဖြစ်ခွင့်ရခဲ့တယ် အရမ်းဂုဏ်ယူပါတယ်။ ဂေါပကရုံးတာဝန်ရှိ သူများကိုလဲ ကျေးဇူးတင်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း အထူးပဲကျေးဇူး တင်ကြောင်းပြောလိုပါတယ်။ ဒီမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူများလဲ လာရောက်ဖူးမျော်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ဦးသန်းထက်အောင်
ကျွန်တော်ဘုရားဖူးလာရောက်ဖြစ်တာဆိုရင် ၅ ကြိမ်မြောက်ရှိပါပြီ ။ ဖူးလို ကိုမဝပါဘူး။ စိတ်ထဲလဲ ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်တော်ရဲ့ မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေ၊ ဝန်ထမ်းတွေကို နေပြည်တော်မှာ ရှိတဲ့ ဘုရားတွေကို လိုက်ပို့တိုင်း ဒီမာရဝိဇယဘုရားကြီးကို လိုက်ပို့ဖြစ်တယ်။ အခြားအထင်ကရဘုရားတွေ လဲလိုက်ပို့ဖြစ်တယ်။ ကျွန်တော်စီကိုလာတဲ့သူတိုင်းကို ဘုရားမဖူးပဲ ပြန်မလွတ်တဲ့ သဘောမျိုးဖြစ်အောင်ကို ပို့ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူး မိတ်ဆွေတွေလဲ ကုသိုလ်လာယူပြီးတော့ ဒီလိုဖူးမြော်ချင်တယ်ဆိုရင်တော့ နေပြည်တော်မှာ လာရောက်လည်ပတ်ရင်းနဲ့ နေပြည်တော်မှာ အထင်ကရ ဘုရားတွေစေတီပုထိုးတွေအများကြီးရှိပါတယ်။ လာရောက်ဖူးမျော်ဖို့လဲ ဖိတ်ခေါ် ပါတယ်။ နေပြည်တော်မှာ တန်ခိုးကြီးဘုရားတွေ အများကြီးရှိတဲ့ အထဲမှာ ထူး ခြားမူအနေနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဟာ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ညဏ်တော်အမြင့်ဆုံး ဘုရားကြီးဖြစ် ပါတယ်။ မြန်မာမူလက်ရာတွေလဲ အများကြီးရှိပါတယ်။ ဘုရားဖူးပြည်သူ တွေ အနေနဲ့ ကြည်ညိုသဒ္ဒါပွားဖို့လဲ ကောင်းပါတယ်။ လာရောက်ဖူးမျော်သူ တွေအနေနဲ့လဲ ဘုရားကြီးရဲ့ ရုပ်ပွားတော်ကို ဖူးမျော်လိုက်ရခြင်းဖြင့် ရင်ထဲမှာ အေးချမ်းမူ ၊ ပီတိဖြစ်မူနဲ့ ရင်ထဲမှာ သဒ္ဒါပွားမူတွေအများကြီး ဖြစ်ပေါ်ပါတယ်။
ဒေါ်တင်မိုးခိုင်
ရန်ကုန်ကမောင်လေးတို့မိသားစု နေပြည်တော်ကိုလာတော့ မာရဝိဇယ ဘုရားကြီးကို လိုက်ပို့တာပါ။ မနေ့ကတည်းကလာဖို့ကို မလာဖြစ်ခဲ့တာပါ။ ဒီနေ့မှ မနက်စောကြီးထပြီးတော့ မနက်စာစားပြီး လာခဲ့ကြတာပါ။ မာရဝိဇယဘုရားကြီး မပြီးခင်ကတည်းက ဖူးချင်နေတာ။ ပထမဦးဆုံး ဖွင့်တဲ့နေ့ကလည်း လာရောက်ဖူးမြော်ခဲ့ပါတယ်။ ဒီနေ့လည်းနိဗ္ဗာန် ထောက်ပံ့နိုင်ဖို့ ကိုယ့်ရဲ့ မောင်လေး ကို ထောက်ပံ့ပေးတာ။ ယခုလိုမျိုး ဘုရားဖူးပြည်သူ အယောက်တစ်သန်းမြောက် ဘုရားဖူးပြည်သူဖြစ်တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ အရမ်းလည်း ကြည်နူးမိပါတယ်။ မနက်တည်းကအစောကြီးထပြီးတော့ မာရဝိဇယ ဘုရားကြီးကို ဖူးမြော်စေချင်လို့လာရောက်ပို့ပေးဖြစ်တာပါ။ မထင်မှတ်ပဲ အခုလိုမျိုး ဖြစ်သွားတဲ့ အတွက် အိပ်မက်လားလို့တောင်ထင်မိပါတယ်။ မာရဝိဇယဘုရားကြီးမှာ ရှိတဲ့ ဂေါပကအဖွဲ့ဝင်များလည်း ဖော်ရွေကြပါတယ်။ ဧည့်ဝတ်လည်းကျေပါတယ်။ ဘုရားတွေကိုစုံအောင်လိုက်ပြပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။
ဖိုးနိုင်(မြဝတီ)